Myanmar Digital News

ရခိုင်ပြည်နယ် ၂၀၂၆ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်တွေ      နိုဝင်ဘာ    ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က  ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဦးနိုင်ဦးက   အခြေခံပညာ ကျောင်းပေါင်းစုံ (အေရိုးဗစ်)ပြိုင်ပွဲကို   ကျောင်းသူများ  ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်လာစေရန်၊  ရခိုင်ပြည်နယ်ကိုယ်စားပြု  အားကစားသမားများ  ပေါ်ထွက်လာစေရန်နှင့်  ကျန်းမာကြံ့ခိုင်ပြီး  ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ  ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း၊  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်  ရည်ရွယ်၍ ဘက်စုံသုံးအားကစားခန်းမကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း  စတင်တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် မိုးလုံလေလုံ ရေကူးကန်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပေါင်းစုံ(အေရိုးဗစ်) ပြိုင်ပွဲအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး   ကျောင်းသူများက  အေရိုးဗစ်အကဖြင့်  သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News