



ပခုက္ကူ နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဘဝတိုးတက် ရေးအတွက်အသိပညာ (Knowledge For Life) ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော် က လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက သတင်းအချက်အလက်ရှာဖွေနည်းနှင့်အွန်လိုင်းသတင်းများ မှန်ကန်မှုရှိ/မရှိစစ်ဆေးနည်းများအကြောင်း ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးက "လူငယ်နှင့်စီးပွားရေးအခွင့်အလမ်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယက ဦးရဲထွဋ်က "လူငယ်နှင့်ဘဝအောင်မြင်တိုးတက်ရေးနည်းလမ်း များ"ခေါင်းစဉ်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်သူမြတ်က "လူငယ်နှင့် အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောကြသည်။
ထို့နောက် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက် အားကစား ပစ္စည်းများပေးအပ်လှူဒါန်းပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ရသဆိုင်ရာစာအုပ်စာစောင်များ ခင်းကျင်းပြသရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News