Myanmar Digital News

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးလျက်ရှိ

ဘားအံ နိုဝင်ဘာ ၁၇

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ၎င်းတို့ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးလျက်ရှိရာ အမှန်တကယ် ထိရောက်မှုရှိပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ ဝမ်းစာဖူလုံပြီး ပို့ကုန်တင်ပို့နိုင်ရေး တောင်သူများ တိုးတက်ထုတ်လုပ်ရန်နှင့် ထုတ်ကုန်အရည်အသွေး မြင့်မားရန်လိုအပ်ကာ အမှန်တကယ် တိုးတက်မှုရှိ/မရှိ အမြဲမပြတ် အကဲဖြတ် သုံးသပ်စောင့်ကြည့်ရန်လိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။

 

ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံ ကိန်းကြီးကြပ်မှုကော်မတီ (၆/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆွေးနွေးတင်ပြ

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ယခင်အပတ် အစည်းဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပြန်လည်ပေးဆပ်မှု၊ သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် အထွက်နှုန်းများ၊ အသား၊ နို့နှင့်ဥအမျိုးမျိုး တိုးတက်ထုတ်လုပ်နိုင်မှု၊ ချေးငွေရယူနိုင်ရန် ထောက်ခံတင်ပြထားမှု၊ ငါးကဏ္ဍ ဆောင်ရွက်မှုအခြေအနေ၊ ချေးငွေရယူသည့် လုပ်ငန်းများ အမှန်တကယ်တိုးတက်မှုရှိ/မရှိ လိုက်လံကြည့်ရှုအကဲဖြတ်မှုများ၊ မတည်ထောက်ပံ့ငွေ ရယူထားသော သမဝါယမအသင်းများ၏ လုပ်ငန်း တိုးတက်မှုအခြေအနေ၊ သီးနှံစိုက်ပျိုးမှုအပေါ် ချေးငွေရယူရန် အဆိုပြုတင်ပြထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထုတ်ပေးထားရှိမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ ကောက်ခံရန် ကျန်ရှိမှုနှင့် အတိုးရရှိမှုအခြေအနေများ၊ ချေးငွေရယူလိုသည့်လုပ်ငန်းများ၊ ဘဏ်လက်ကျန်နှင့် ချေးယူလိုမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြပြီး ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News