Myanmar Digital News

ကမ္ဘာ့ဈေးကွက်တွင် ပိုမိုအရေးပါလာသည့် သစ်သီးဝလံပို့ကုန်

ဒေါက်တာမောင်အောင်

ကမ္ဘာ့နိုင်ငံများတွင် သစ်သီးဝလံကိုစိုက်ပျိုးလေ့ရှိပြီး များသောအားဖြင့် သစ်သီးဝလံအများစု (၉၀ ရာခိုင်နှုန်းခန့်)မှာ ပြည်တွင်း၌သာ စားသုံးလေ့ရှိကာ တင်ပို့မှု ပမာဏမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်၊ တန်ဖိုးက ကမ္ဘာ့စုစုပေါင်း လယ်ယာကုန်စည်ပို့ကုန်များ၏ သုံးရာခိုင်နှုန်းဝန်းကျင်သာရှိသည့်အတွက် အခြားလယ်ယာထုတ်ကုန်များနှင့် နှိုင်းယှဉ်လျှင် ကုန်သွယ်မှုတွင် အရေးပါမှုလျော့နည်းပါသည်။ သစ်သီးဝလံများကို ပြည်ပမှ ဝယ်ယူစားသုံးမှုနှုန်းမှာလည်း ချမ်းသာသည့်နိုင်ငံများ (ကမ္ဘာ့မြောက်ခြမ်း နိုင်ငံများ)က အများဆုံးဖြစ်ကာ အဓိကတင်သွင်းသူများလည်းဖြစ်သည်။

လက်ရှိကာလအတွင်း သဘာဝအခြေပြု အရည်အသွေးမြင့် အပူပိုင်းဒေသထွက် သစ်သီးဝလံများကို ချမ်းသာသည့်နိုင်ငံများက ပို၍သုံးစွဲလာခြင်း၊ စားသုံးသူများ၏ ကြိုက်နှစ်သက်မှုပြောင်းလဲခြင်း၊ လောင်စာဆီဈေးတက်မှုကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ်တက်လာပြီး ထုတ်လုပ်မှု လျော့ကျလာခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံထွက်ရှိမှုထိခိုက်လာခြင်း စသည်တို့ကြောင့် ကမ္ဘာ့သစ်သီးဝလံထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအပေါ် အပြောင်းအလဲဖြစ်လာသည်။

ထို့အတွက် ကမ္ဘာ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုတွင် လက်ရှိစိုက်ပျိုးထုတ်လုပ်မှုအင်အား အများဆုံးဖြစ်သည့် အာရှ-ပစိဖိတ်နိုင်ငံများအတွက် အခွင့်အလမ်းအလားအလာ ပိုများလာပါသည်။

ကမ္ဘာ့သစ်သီးဝလံထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

ကမ္ဘာ့နိုင်ငံများ၏ သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်မှုပုံမှန်တိုးတက်နေပြီး လတ်တလောနှစ်များတွင် နှစ်စဉ်တန်သန်း ၉၅၀ ကျော်ခန့်ရှိသည်။ သစ်သီးဝလံများအနက် အများဆုံးမှာ ငှက်ပျောသီးဖြစ်ပြီး နှစ်စဉ်တန်ချိန် ၁၃၉ သန်းဝန်းကျင်ရှိသည်။ ဒုတိယမှာ ဖရဲသီးဖြစ်ပြီး တန်ချိန် ၁၀၄ သန်းဝန်းကျင်နှင့် ပန်းသီးက တန်ချိန် ၉၇ သန်းဝန်းကျင်ရှိသည်။ အခြားအရေးပါသည့် သစ်သီးဝလံများမှာ သရက်သီး၊ ထောပတ်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ လိမ္မော်သီး၊ သံပရာသီး၊ နာနတ်သီး၊ ဒူးရင်း၊ သစ်တော်သီး၊ ချယ်ရီသီး၊ ကျွဲကောသီးနှင့် မင်းကွတ်သီးတို့ဖြစ်ပါသည်။

သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုကို ဒေသအလိုက်ကြည့်မည်ဆိုလျှင် အာရှ-ပစိဖိတ်ဒေသက အများဆုံးစိုက်ပျိုးထုတ်လုပ်နေသလို ကမ္ဘာ့စုစုပေါင်း သစ်သီးဝလံပို့ကုန်၏ ၇၅ ရာခိုင်နှုန်းဝန်းကျင် ရှိသည့်အတွက် အရေးအပါဆုံးဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နှစ်စဉ်တန်သန်း ၂၄၀-၂၇၀ ဝန်းကျင် ရှိ၍ ကမ္ဘာ့ထုတ်လုပ်မှု၏ ၂၈ - ၃၀ ရာခိုင်နှုန်း၊ အိန္ဒိယက တန် ၁၁၂ သန်းဝန်းကျင်ရှိပြီး ဒေသအလိုက် ဒုတိယအများဆုံးမှာ တောင်အမေရိကနိုင်ငံများဖြစ်သည်။

နိုင်ငံအလိုက်ကြည့်လျှင် အီကွေဒေါ၊ ဂွါတီ မာလာ၊ ကော့စတာရီကာတို့ဖြစ်ပြီး အမေရိကနှင့် ဥရောပသို့ ငှက်ပျောသီးအများဆုံး တင်ပို့သည့်နိုင်ငံများဖြစ်သည်။ ထို့ပြင် ချီလီ၊ ဘရာဇီး၊ မက္ကဆီကို နိုင်ငံတို့အနေဖြင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်နေပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ သစ်သီးဝလံလိုအပ်ချက်ကို တစ်နှစ်ပတ်လုံး ဖြည့်ဆည်းပေးနေသည်။ အာဖရိကနိုင်ငံများအနက် တောင်အာဖရိကနိုင်ငံ၊ တူကီယဲ၊ အီဂျစ် စသည့် နိုင်ငံများအနေဖြင့်လည်း ပန်းသီး၊ သံပရာသီး၊ စပျစ်သီးကို အများဆုံးထုတ်လုပ်ပြီး ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ပါသည်။ အာရှ နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် နယူးဇီလန်၊ ဩစတြေးလျတို့အနေဖြင့်လည်း သစ်သီးဝလံထုတ်လုပ်မှုနှင့်တင်ပို့မှု လတ်တလော ကာလများအတွင်း သိသိသာသာ တိုးတက်လာသည့် နိုင်ငံများဖြစ်သည်။

အစဉ်အလာအားဖြင့် ကမ္ဘာ့ဈေးကွက်တွင် အရေးအပါဆုံးနှင့် အများဆုံးမှာ ငှက်ပျောသီးဖြစ်ပြီး ထို့နောက်တွင် ပန်းသီး၊ လိမ္မော်သီး၊ သံပရာသီး စသည်တို့ဖြစ်သော်လည်း လက်ရှိတွင် အပူပိုင်းဒေသ သစ်သီးဝလံများကို စားသုံးသူပိုမိုကြိုက်နှစ်သက် လာမှုနှင့်အတူ ဈေးနှုန်းများလည်း သိသိသာသာ တိုးတက်လာသည်။ မြင်သာသည့်အချက်မှာ အပူပိုင်း သစ်သီးဝလံများအနက် ထောပတ်သီးမှာ ဝယ်အား အကောင်းဆုံးသော သစ်သီးဝလံဖြစ်လာသည်။ ထို့အတွက်လည်း ထောပတ်သီးအပါအဝင် သစ်သီး ဝလံများ၏ဈေးနှုန်းမှာ ယခုအခါ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ အထက်တွင်ရှိလာသည်။

အပူပိုင်းဒေသသစ်သီးဝလံများ၏ ထူးခြားချက်မှာ မြောက်ပိုင်းနိုင်ငံများ၏ သစ်သီးဝလံများနှင့် မတူဘဲ သဘာဝအပူချိန်ကြောင့် အရသာ ပိုမိုကောင်းမွန်သည့်အပြင် မွှေးကြိုင်သည့်ရနံ့ကိုပါ ပေးဆောင်သောကြောင့် ပို၍နှစ်သက်လာကြခြင်းဖြစ်သည်။ ဈေးအကောင်းဆုံးမှာ ဒူးရင်းသီးဖြစ်သည်။ “သစ်သီးဝလံများ၏ ဘုရင် King of the Fruits” ဟုလူသိများပြီး ဗန်ကောက်၏ လေလံဈေးတွင် ဒူးရင်းသီးတစ်လုံး၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၈၀၀၀ ခန့်ရှိခဲ့ကြောင်း တွေ့ရသည်။

အလားတူ လူကြိုက်များသဖြင့် ဈေးနှုန်းမြင့် သည့်သစ်သီးဝလံမှာ မင်းကွတ်သီးဖြစ်ပြီး ‘Queen of Fruits’ဟု ခေါ်ဝေါ်လေ့ရှိပြီး ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်များတွင် အေးခဲထားသည့် မင်းကွတ်သီးတစ်လုံးသည် ဂျပန်ယန်းငွေ အနည်းဆုံး ၅၀၀ မှ ၆၀၀ အတွင်းရှိသည်။ မြန်မာငွေဖြင့် တွက်လျှင် ၅၂၀၀ မှ ၇၈၀၀ ဝန်းကျင်ရှိသည့်အတွက် မြင့်မားသည့်ဈေးနှုန်းရှိပြီး များသောအားဖြင့် ထိုင်းနိုင်ငံမှ တင်ပို့သည့် ထုတ်ကုန်များပင်ဖြစ်သည်။

ပြောင်းလဲလာသည့်စိုက်ပျိုးထုတ်လုပ်မှုပုံစံနှင့် ကြိုက်နှစ်သက်မှု

ကမ္ဘာ့သစ်သီးဝလံထုတ်လုပ်မှုနှင့် စားသုံးမှုသည် ၂၀၂၅/ ၂၀၂၆ ခုနှစ်တွင် ယခင်အစဉ်အလာ အရရှိခဲ့သည့် ထုတ်လုပ်မှုပုံစံ၊ ရောင်းဝယ်မှုပုံစံများမှ ပြောင်းလဲမှုများဖြစ်ပေါ်လာသည့်အပြင် စားသုံးသူများ၏ ကြိုက်နှစ်သက်မှုမှာလည်း ပြောင်းလဲလာမှု များကြောင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်ရန် အခြေအနေကောင်းများရှိသည့် နိုင်ငံများ၊ အထူးသဖြင့် အပူပိုင်းသစ်သီးဝလံများထုတ်လုပ်နိုင်သည့် အီကွေတာနှင့်နီးသည့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ အတွက် အခွင့်အလမ်းကောင်းပင်ဖြစ်သည်။

မြောက်ပိုင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာခြင်းနှင့် ပိုတင်သွင်းလာပြီး စိုက်ပျိုး ထုတ်လုပ်မှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ သိသိသာသာ တက်လာခြင်းကြောင့်ပင်ဖြစ်သည်။ မြောက်ပိုင်းနိုင်ငံများ၏ အသုံးများသည့် ထုတ်လုပ်မှုနည်းလမ်း မှာ မှန်လုံအိမ်များသုံးပြီး လိုအပ်သောအပူချိန်ကို လောင်စာစွမ်းအင်သုံး၍ ပေးသည့်စနစ်ဖြစ်သည်။ ယခုအခါ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ သယ်ယူပို့ဆောင် သောလုပ်ငန်းများထိခိုက်လာခြင်း၊ ရေနံနိုင်ငံ၏ ရေနံဆိုင်ရာ အခြေခံအဆောက်အအုံများပျက်စီးခြင်း စသည့်အကြောင်းများကြောင့်ဖြစ်သည်။

ထို့ပြင် ကမ္ဘာတွင် အများဆုံးစားသုံးသည့် လိမ္မော်ရည်ထုတ်လုပ်မှု လျော့ကျလာခဲ့သည်။ ထို့အတွက် ပြည်တွင်းလိုအပ်ချက်ကို သွင်းကုန်အဖြစ် တင်သွင်းဖြေရှင်းခြင်းဖြစ်ပြီး ဒေသမတူသည့် တောင်ပိုင်းနိုင်ငံများ၏ ထုတ်ကုန်များ ပိုမိုတင်သွင်း ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါသစ်သီးဝလံများကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများမှ ဝယ်ယူတင်သွင်းမှု ပိုမိုမြင့်မားလာသည့်အတွက် ‘တောင်မြောက် ကုန်သွယ်မှု’ဟု ခေါ်ဝေါ်လာကြပြီး အထူးသဖြင့် ကမ္ဘာ့မြောက်ပိုင်း သစ်သီးဝလံမထွက်သည့်အချိန်တွင် တောင်ပိုင်းနိုင်ငံများ၏ ရာသီပေါ် သစ်သီးဝလံများကို အများဆုံးဝယ်ယူနေရသည်။

ကုန်သွယ်မှုနှင့် သိုလှောင်ဖြန့်ဖြူးစနစ်ဆိုင်ရာ စိန်ခေါ်မှုများ

ကမ္ဘာ့သစ်သီးဝလံကုန်သွယ်မှုတွင် တောင်ပိုင်းနိုင်ငံများအနေဖြင့် မြောက်ပိုင်းနိုင်ငံများ အထူး သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ အများဆုံးတင်ပို့ရာတွင် ၂၀၂၅ ခုနှစ်မှ စတင်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ ၃၆၀ ဒီဂရီ အချိုးမညီသည့် အခွန်အကောက်ကုန်သွယ်မှု ပေါ်လစီကြောင့် အချို့နိုင်ငံများ၏ အခွန်နှုန်းထား မြင့်မားမှုက ဈေးကွက်ဝင်ရောက်ရန် အကန့်အသတ် ဖြစ်စေပါသည်။

သို့သော် တစ်ဖက်တွင်လည်း တောင်ပိုင်းနိုင်ငံများအနေဖြင့် အမေရိကန်နှင့်ပတ်သက်၍ အများစု ၏တုံ့ပြန်မှုမှာ အပြန်အလှန် အခွန်အကောက်၊ တိုးမြှင့်ကောက်ခံသည့် နည်းလမ်းမသုံးစွဲဘဲ ညှိနှိုင်း ပေါင်းစပ်သည့်နည်းလမ်းကိုသာ သုံးစွဲသည့်အတွက် အခက်အခဲ အဟန့်အတားများကို ကျော်ဖြတ် နိုင်မည်ဖြစ်သည်။ ဥရောပနိုင်ငံအများစုအနေဖြင့်မူ အမေရိကန်ဈေးကွက်နှင့်နှိုင်းယှဉ်လျှင် တင်ပို့ရန် အခက်အခဲမရှိနိုင်ပါ။ တစ်ဆက်တည်းမှာပင် သစ်သီးဝလံထုတ်လုပ်တင်ပို့မှု၏ အခြေခံလိုအပ် ချက်မှာ ခူးဆွတ်သည့်အချိန်မှစပြီး စားသုံးသူအထိ သယ်ယူပို့ဆောင်သိုလှောင်ဖြန့်ဖြူးရာတွင် အအေးခန်း ပါဝင်သည့် သယ်ပို့သိုလှောင်ဖြန့်ဖြူးစနစ် (Cold Chain Logistics)ဖြင့် လုပ်ဆောင်နိုင်မှသာ လတ်ဆတ်သော သစ်သီးဝလံများကို  ကမ္ဘာ့ဈေးကွက်များအထိ ရောင်းချနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အေးခဲသည်အထိပြုလုပ်ပြီး တင်ပို့နိုင်သော်လည်း လတ်ဆတ်မှုအားနည်းမည်ဖြစ်သည်။

မြန်မာ့သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအနက် ကုန်းမြေတစ်ဆက်တည်း အကျယ် ဝန်းဆုံးနိုင်ငံဖြစ်သည့်အလျောက် သစ်သီးဝလံများစိုက်ပျိုးထုတ်လုပ်မှုမှာ ပြည်တွင်းလိုအပ်ချက်ကို သာမက ပြည်ပကိုပါ အနည်းငယ်တင်ပို့နိုင်သည့်အခြေအနေရှိသည်။ သို့သော် တည်ရှိသည့် မြေ၊ ရေ၊ နေ စသည့် သဘာဝအရပေးထားသည့် အင်အားစုများ နှင့်နှိုင်းယှဉ်လျှင် များစွာလျော့နည်းနေသေးသည့် အတွက် အကယ်၍သာ နိုင်ငံတော်နှင့်ပါဝင်ပတ်သက် သူများအားလုံး ပူးပေါင်းဖော်ဆောင်သည့်ပုံစံ (PPP)ဖြင့် လုပ်ဆောင်မည်ဆိုလျှင် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာနိုင်သည့် လယ်ယာပို့ကုန် အမျိုးအစားပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် သစ်သီးဝလံစိုက်ပျိုးမှု ကိုကြည့်လျှင် ရှမ်းပြည်နယ်က အများဆုံးထုတ်လုပ် နေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးမှုရှိပါသည်။ ဒေသအလိုက် သဘာဝ ရာသီဥတုနှင့် အခြေအနေအရစိုက်ပျိုးသည့် သစ်သီးဝလံများကွဲပြားမှုရှိပြီး ရှမ်းပြည်နယ်တွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ လိုင်ချီး၊ ကော်ဖီ စသည်တို့ အများဆုံးစိုက်ပျိုးကာ ကချင်ပြည်နယ်တွင် ငှက်ပျော၊ လိုင်ချီး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ အောက်မြန်မာပြည်တွင် ငှက်ပျောသီး၊ ပိန္နဲသီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး စသည်တို့ဖြစ်ပါသည်။

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ အားလုံးနီးပါးကို ပြည်တွင်းမှာပင် စားသုံးကြပြီး ပို့ကုန်တင်ပို့မှု ရာခိုင်နှုန်းအနည်းငယ်မျှသာရှိသေးသည်။ အဓိက ဈေးကွက်မှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်တို့ကိုသာ နယ်စပ်ကုန်သွယ်မှုမှ အများဆုံးတင်ပို့နိုင် ပါသည်။ အစဉ်အလာအရ မြန်မာ့သစ်သီးဝလံ ပို့ကုန်များတွင် ငှက်ပျောတင်ပို့မှုက အများဆုံးဖြစ်ပြီး ယခင် တရုတ်-မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အဆင့် ဒေါ်လာသန်း ၂၀၀-၃၀၀ ဝန်းကျင်ရှိကာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ သို့သော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲရှိလာ၍ ယခင်ကလောက် တင်ပို့မှုမပြုလုပ်နိုင်သေးခြင်းကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အခြား တင်ပို့နေသည့် သစ်သီးဝလံများအနက် သီဟိုဠ်စေ့၊ ကော်ဖီ၊ ဝဥ၊ ဟင်းခတ်အမွှေးအကြိုင်၊ ထောပတ်သီး၊ သရက်သီး၊ ဖရဲသီး စသည်တို့ဖြစ်ပါသည်။

အမှန်တကယ်မူ အာရှတိုက်တွင် လက်ရှိ သစ်သီးဝလံအများဆုံး ဝယ်ယူသူမှာ တရုတ်၊ ဗီယက်နမ်၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား စသည်တို့ဖြစ်သော်လည်း မြန်မာအနေဖြင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ သစ်သီးဝလံ အနည်းငယ် တင်ပို့ပါသည်။ အိန္ဒိယနိုင်ငံသို့ သစ်သီးဝလံတင်ပို့မှု နှင့် ထောပတ်သီးတင်ပို့မှု အနည်းငယ်ကိုသာ စတင်နိုင်သေးသော်လည်း အိန္ဒိယနိုင်ငံက အများဆုံး ဝယ်ယူနေသည့် သီဟိုဠ်စေ့၊ ဟင်းခတ်အမွှေးအကြိုင်များ၊ လတ်ဆတ်သောသစ်သီးများ တင်ပို့မှုမပြုလုပ် နိုင်သေးပါ။

အရေးကြီးသည်မှာ စီးပွားဖြစ် သစ်သီးဝလံ အထူးဇုန်များအကောင်အထည်ဖော်ရာတွင် ဒေသ အခြေအနေနှင့်ကိုက်ညီသည့် သစ်သီးဝလံဖြစ်ရန်လိုခြင်း၊ ကမ္ဘာ့ဈေးကွက်တွင်လည်း ဝယ်လိုအားများ ပြီး ဈေးနှုန်းကောင်းခြင်း၊ လာမည့်အနာဂတ်တွင်လည်း တိုးတက်မှုနှုန်းကောင်းခြင်း၊ အစဉ်အလာ စိုက်ပျိုးနေသည့်မျိုးများကို ယခုထက်အထွက်နှုန်းနှင့် အရည်အသွေးကောင်းလာစေရန် စဉ်ဆက် မပြတ် သုတေသနလုပ်ဆောင်ခြင်း၊ အဆိုပါ သစ်သီးဝလံစိုက်ပျိုးရေးဇုန်များတွင် စတင်စိုက်ပျိုး သည်မှ ရိတ်သိမ်းသည်အထိ ကောင်းမွန်သည့် လယ်ယာအလေ့အကျင့်ကို ကျင့်သုံးစေခြင်း၊ ဆိုလိုသည်မှာ မျိုးအသုံးပြုသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည်တို့နှင့်ပတ်သက်၍ မှတ်တမ်းများထားရှိ ခြင်းတို့ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများအနေဖြင့် စားသုံးသူများ၏ ဘေးကင်းလုံခြုံမှုကို အပြည့်အဝ အကာအကွယ်ပေးနိုင်ရန်အတွက် သစ်သီးဝလံအပါအဝင် လယ်ယာစားသောက်ကုန်များကို စတင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူသုံးစွဲသည်အထိ နောက်ကြောင်းပြန်လိုက်နိုင်မှု စနစ်ကို ကျင့််သုံးနေ ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်သူတိုင်း GAP ကို မဖြစ်မနေ လိုက်နာကျင့်သုံးရပါမည်။ လက်ရှိအခြေ အနေတွင်လည်း မြန်မာ့သစ်သီးဝလံများ (ဥပမာ-သရက်သီး၊ ဖရဲသီး၊ ထောပတ်သီး) စသည်တို့တွင် ဓာတုဓာတ်အကြွင်းအကျန် ရာခိုင်နှုန်းက သတ်မှတ်ချက်အတိုင်းဖြစ်စေရန် အထူးသတိပြုရ မည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် သစ်သီးဝလံများ ရိတ်သိမ်းသည်မှ ဈေးကွက်အရောက် သယ်ယူ ပို့ဆောင်ဖြန့်ဖြူးရာတွင်လည်း အအေးခန်းကုန်စည် ပို့ဆောင် သယ်ယူသည့်စနစ် ကို လုပ်ဆောင်နိုင်မှသာ သစ်သီးများ၏ လတ်ဆတ်မှုနှင့် အရည်အသွေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

ဦးစွာ ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် မြင့်မားသည့်ဈေးနှုန်းနှင့် အဝယ်များသည့် သစ်သီးဝလံများအနက် ဦးစားပေးစိုက်ပျိုးသင့်သည့် သစ်သီးဝလံများမှာ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဖရုံသီး၊ သံပရာသီး၊ နာနတ်သီး စသည်တို့ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ၂၀၂၄ ခုနှစ်မှစ၍ ဈေးနှုန်း မြင့်မားပြီး ဝယ်လိုအားကောင်းသည့် ထောပတ်သီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး၊ သရက်သီး၊ စပျစ်သီး စသည်တို့မှာ အခြားသစ်သီးဝလံများထက် ဈေးနှုန်းမြင့်မားသည့်အပြင် ဝယ်လိုအားပါ အထူးကောင်းသည့်အတွက် ဦးစားပေးစိုက်ပျိုးသင့်ပါသည်။

မွန်၊ ကရင်နှင့် ရှမ်းပြည်နယ်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သစ်သီးဝလံ အထူးပြုဇုန်များ ဖော်ဆောင်သင့်ပါသည်။ အထူးသတိပြုရမည်မှာ သစ်သီးဝလံ ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကိုလည်း နိုင်ငံတော်က အတတ်နိုင်ဆုံး ပံ့ပိုးဖြေရှင်းပေးနေသည့်ကာလဖြစ်၍ စီးပွားဖြစ်သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်မှုအတွက် ပတ်ဝန်းကျင်ကောင်း ပိုမိုရှိနေပြီဖြစ်ပါသည်။

လိုအပ်သည့် အခြေခံအဆောက်အအုံများကိုလည်း ဖြည့်စွမ်းပေးရန်လိုပါသည်။ စီးပွားဖြစ် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မျိုးအပါအဝင် သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ နည်းပညာ၊ ဘဏ္ဍာငွေအထောက်အပံ့ပေးခြင်း၊ သယ်ယူပို့ဆောင်သိုလှောင်မှုများ အဆင်ပြေစေရန် လုပ်ဆောင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးနှင့် ဈေးကွက်ရရှိရေး လုပ်ဆောင်ခြင်း၊ ယှဉ်ပြိုင်မှုရှိစေရန် အဘက်ဘက်မှ ပံ့ပိုးပေးခြင်း၊ ဒီဂျစ်တယ်မားကတ်တင်းများ ပါဝင်သည့် e-commerce များအသုံးပြုခြင်း စသည်တို့လည်း လိုအပ်ပါသည်။

အခြေအနေနှင့် အချိန်အခါကောင်းဖြစ်ခြင်း

အကယ်၍သာ နိုင်ငံတော်နှင့် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းဖော်ဆောင်သည့်ပုံစံ (PPP)ဖြင့် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်မည်ဆိုလျှင် အချိန်တိုအတွင်း များစွာတိုးတက်နိုင်သည့် လယ်ယာပို့ကုန်ဖြစ်လာပါမည်။ နိုင်ငံတော်က လယ်ယာအခြေပြု တိုးတက်မှုနည်းလမ်းများကို ဦးစားပေးဖော်ဆောင်နေမှုနှင့် လက်တွေ့ကျသည့် အားပေးပံ့ပိုးကူညီမှုများ လုပ်ဆောင်နေသည့် အတွက် သစ်သီးဝလံတိုးချဲ့စိုက်ပျိုး ထုတ်လုပ်တင်ပို့ရေးကို ထိရောက်ကြီးမားသည့် တွန်းအား ဖြစ်သောကြောင့် အခြေအနေကောင်းနှင့် အချိန်အခါ ကောင်းဖြစ်၍ အသေးစိတ် မဟာဗျူဟာများချမှတ်ပြီး PPP ပုံစံဖြင့် အားလုံးပူးပေါင်းပါဝင် ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် လျင်မြန်သည့်တိုးတက်မှု ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

 

ရည်ညွှန်းကိုးကား

F.A.O : Building responsible global value chain for tropical fruits

https://www.fao.org>market-and-trade>responsible-fruit...

F.A.O : Tropical Fruit : https://www.fao.org>...>banana and tropical fruit

Fruitnet : Analysis : China’s Fruit sees strong growth in 2025

https://www.fruitnet.com

MFFVPEA : Myanmar Fruit Flower and Vegetable Producer and Exporter

Association, Yangon.

https://www.mffvpea.org

Robobank : World Fruit Map : A changing basket of fruits and trade flows

July, 2025,https://www.robobank.com> Home>knowledge

USDA : Global Trade, Pattern in Fruits and Vegetables

https://www.org.usda.gov>publication

မူရင်းသတင်း — Myanmar Digital News