Myanmar Digital News

ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံး အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

လွိုင်ကော် နိုဝင်ဘာ ၁၇

 

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေါတမရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပေ ၇၀ x ၃၀ RC နှစ်ထပ်စာသင်ဆောင်အသစ် ဆောက်လုပ်လျက်ရှိသည်။

 

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဈေးပိုင်းရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် နှစ်ထပ်ဈေးသို့ သွားရောက်ကြည့်ရှုပြီး ပျက်စီးနေသည့် ဈေးအဆောက်အအုံများ ပြန်လည်ပြင်ဆင် တည်ဆောက်နိုင်ရေး ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဈေးဆိုင်ခန်းများတွင် ဈေးသူဈေးသားများ ပြန်လည် ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့ပြင် ဈေးပိုင်းရပ်ကွက်အတွင်း အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်များအား မြို့အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်မှုရှိအောင် စနစ်တကျဆောင်ရွက် သွားရန်တာဝန်ရှိသူများအား မှာကြားသည်။

 

ဆက်လက်၍ ကယားပြည်နယ် မြေစာရင်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်မြေစာရင်းရုံးပေ ၁၀၀ x ၅၆ RC တစ်ထပ် အဆောက်အအုံသစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ရုံးသုံးပရိဘောဂများ ပြည့်စုံစွာထည့်သွင်း၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားရန်နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News