NP News

ယခုနှစ်တွင် Polytechnic University (၃)ခုနှစ် လာမည့် ပညာသင်နှစ်တွင် Polytechnic School များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၈

ယခုနှစ်တွင် Polytechnic University (၃)ခုနှစ် လာမည့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် Polytechnic School များဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပသည့် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲတွင် ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်းအဆင့်မှစပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာအခြေခံဘာသာရပ်များ သင်ကြားပေးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ ယင်းဘာသာရပ်များနှင့်သက်ဆိုင်သည့်အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးနေကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများကို သင့်လျော်သည့် တက္ကသိုလ်၊ ကောလိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ ယခုနှစ်တွင် Polytechnic University (၃) ခုနှင့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် Polytechnic School များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အခြေခံပညာရေးကို ချိတ်ဆက်ဆောင်ရွက်နေခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့စိတ်ဝင်စားရာ ပညာရပ်များနှင့် လက်တွေ့အသုံးချနိုင်သည့် ကျွမ်းကျင်မှုများကို စောစီးစွာရရှိလာစေရန်အတွက် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နားခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင်ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ထဲရောက်ရှိနေသူများကိုလည်း မိမိတို့ရရှိထားသည့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကတစ်ဆင့် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားခဲ့သည်။
အလားတူ ပညာရေးအခွင့်အလမ်းများကို မြို့ပြဒေသများတွင်သာမက ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသများ၊ နယ်စပ်ဒေသများနှင့် ပညာရေးဝန်ဆောင်မှုအားနည်းနေသည့် နေရာများတွင်ပါ ရရှိနိုင်ရေးဆောင်ရွက်ပေးနေကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

မူရင်းသတင်း — NP News