၁၈.၁၁.၂၀၂၆
Written by NYL
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘို ကျား (၁) (၂)၊ ထုံးဘို (မ) ကုန်ထုတ်စခန်း၊ ပြင်ဦးလွင်မြို့နယ်ရှိ (၂၄)မိုင် ကုန်ထုတ်စခန်း၊ ပြင်ဦးလွင်မြို့မရဲစခန်းအချုပ်ခန်း၊ ပြင်ဦးလွင်မြို့နယ် တရားရုံးအချုပ်ခန်း၊ ပြင်ဦးလွင်ခရိုင် တရားရုံးအချုပ်ခန်းတို့ကို နိုဝင်ဘာ ၁၇ ရက်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြင်ဦးလွင်မြိုနယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပရဟိတမျက်မမြင် ဘက်စုံပညာသင်ကျောင်နှင့် ချယ်ရီမြေဘိုးဘွားရိပ်သာတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးအုန်းခိုင်၊ ဒေါက်တာ ဆွေဆွေအောင်နှင့် ဦးညီညီတို့ ဦးဆောင်သည့်အဖွဲ့သည် ကုန်ထုတ်စခန်းများကို ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက ဆေးကုသပေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေလုံလောက်မှု ရှိ/မရှိတို့ကို မေးမြန်းခဲ့ကြသည်။
ဆက်လက်၍ အလုပ်နားရက်တွင် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ အကျဉ်းသား/အကျဉ်းသူများ စခန်းစာကြည့်တိုက်ရှိ စာအုပ်များငှားရမ်းဖတ်ရှုရာတွင် လွယ်ကူစွာဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးမှု ရှိ/မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိ/မရှိ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ/မရှိ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ/မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ အပူချိန်မြင့်မားသည့်ကာလများအတွင်း လုပ်ငန်းခွင်ဝင်ရောက်မှုအခြေအနေတို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား၊ အကျဉ်းသူ ငါးဦးကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အကျဉ်းသား အကျဉ်းသူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား အကျဉ်းသူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာပေများကို ကော်မရှင်မှလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်ရှိ မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများတွင် အချုပ်သားများ၏ ရမန်ကာလအခြေအနေ၊ အချုပ်သားများထံမှ သိမ်းဆည်းထားသော ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားခြင်း ရှိ/မရှိနှင့် အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ အခြေအနေများ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း မိလ္လာသုံးစွဲမှုနှင့် တရားရုံးထုတ်စဉ်မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများအား တွေ့ဆုံမေးမြန်းခဲ့ပြီး အချုပ်ခန်းများ၏ သန့်ရှင်းမှု၊ အလင်းရောင်ရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းနှင့် ချယ်ရီမြေဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များအား ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ မသန်စွမ်းကလေးသူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်ရေး လေ့ကျင့်ပြုစုပေးနေမှု၊ ပညာဆက်လက်သင်ကြားနိုင်ရေး လေ့ကျင့်ဆောင်ရွက်ပေးနေမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။