Kanbawza Tai News

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လာရောက်လည်ပတ်သူ များပြား

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

ယခု ၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်နှင့် ဒေသခံများ ယခင်နှစ်ထက် ပိုမိုများပြားခဲ့သည်ဟု သိရသည်။

တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲတော်လာ ဧည့်ပရိသတ်များ စည်ကားများပြားသဖြင့် လူကြပ်ကာ လုံခြုံရေးတာဝန်ကျသူများပင် ပွဲခင်းပတ်ရန် အခက်အခဲဖြစ်ခဲ့ရပြီး လူတိုးရာမှ သတိလစ်မေ့မျောသူများလည်း ရှိခဲ့ကြောင်း သိရသည်။

“ပွဲတော်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ နဲ့စာရင် အများကြီး ပိုစည်ပါတယ်။ ခက်တာက ဘားဆိုင်တွေ၊ ဈေးဆိုင်ခန်း တွေ များလွန်းတာကြောင့် ပွဲကြည့်ပရိသတ်အတွက် ထိုင်ကြည့်ဖို့နေရာ၊ သွားလာဖို့လမ်း နည်းသွားတော့ ပိုကြပ်တာ ပေါ့။ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ အနေနဲ့လည်း ဘဏ္ဍာငွေရရှိရေး တစ်ခုတည်းကို မကြည့်ဘဲ ပွဲလာဧည့်ပရိသတ် အဆင်ပြေအောင် စဉ်းစားပေးသင့်ပါတယ်” ဟု ‌တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့တွင် လူဦးရေ ၃ သိန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ယမန်နေ့ ဒုတိယညတွင်လည်း လူသိန်းချီ လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

“ဖွင့်ပွဲပြီးရင် ကြားရက်တွေကတော့ လူနည်းနည်း ပါးတတ်တယ်။ နာမည်ကြီး မီးပုံးပျံတွေ ပါတဲ့ အဖိတ်၊ လပြည့်ည တွေကတော့ အခုထက် ပိုပြီး စည်နိုင်ပါတယ်။ ဒီနှစ်က ရာသီဥတုလည်း ကောင်းတော့ လွှတ်တင်ရတဲ့ မီးပုံးပျံ အဖွဲ့ တွေအတွက်လည်း အဆင်ပြေတယ်။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်း အဆင်ပြေပါတယ်” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

ယခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သည့် ဒေသတွင်းနှင့် ပြည်တွင်းမှ ခရီးသွားများ အပြင် နိုင်ငံခြားသားများလည်း လာရောက်လည်ပတ်မှု များပြားနေခြင်းဖြစ်ပြီး ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်း အပြင် တောင်ကြီးမြို့ပေါ်ရှိ လမ်းမများတွင်လည်း ယာဉ်အသွားအလာ ရှုပ်ထွေးများပြား နေကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ အဝေရာမီးပုံးပျံကွင်း အတွင်း ပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News