Eleven Media Group

စီရော်နယ်လ်ဒို၏ နံပါတ်(၇)ကို ဝတ်ဆင်ပြီး ဂိုးသွင်းနိုင်ခဲ့သည့်အတွက် မမေ့နိုင်စရာနေ့ဖြစ်ကြောင်း ကားလို့စ်ဖော့ဘ်စ် ပြောကြား

Photo: X

ပေါ်တူဂီလက်ရွေးစင်အသင်းတွင် ဂန္ထဝင်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ နံပါတ်(၇)ကို ဝတ်ဆင်ခွင့်ရပြီး ဂိုးသွင်းနိုင်ခဲ့သည့်အတွက် မမေ့နိုင်စရာနေ့ဖြစ်ကြောင်း ကားလို့စ်ဖော့ဘ်စ်က ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည့်အတွက် ၎င်း အစဉ်တစိုက်ဝင်ဆင်ခဲ့သည့် နံပါတ်(၇)ကို တောင်ပံကစားသမား ကားလို့စ်ဖော့ဘ်စ်က ဝတ်ဆင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကားလို့စ်ဖော့ဘ်စ်(၂၂ နှစ်)သည် ကလပ်ဘရုဂေးအသင်းတွင် ကစားနေသူဖြစ်ပြီး ၂၀၂၅ ခုနှစ်ကမှ ပေါ်တူဂီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
ကားလို့စ်ဖော့ဘ်စ်သည် ဒိန်းမတ်ကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်ရော ဝေးလ်စ်ကို (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်ပါ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ဝေးလ်စ်နှင့်ပွဲ၌ နောက်ဆုံးအနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
''ထူးခြားတဲ့ခံစားချက်တစ်ခုပါပဲ။ ဒီနေ့ကို ကျွန်တော် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီနံပါတ်က ထူးခြားတဲ့အမှတ်လက္ခဏာရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီနံပါတ်ကို ဝတ်ဆင်ရတဲ့အတွက်တော့ အပိုဖိအား ခံစားရခြင်းမရှိပါဘူး'' ဟု ကားလို့စ်ဖော့ဘ်စ်က ပြောကြားခဲ့သည်။
ပေါ်တူဂီအသင်း၏ ပွဲအများဆုံးနှင့် ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားသည့် စီရော်နယ်လ်ဒိုသည် နံပါတ်(၇)ကို ၂၀၀၈ ခုနှစ်မှစ၍ အနားယူချိန်အထိ ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group