Myanmar Transparency News

လစာတိုးမြှင့်ပေးရန် တွက်ချက်နေပြီး အခွန်တိုးရပါက လာမည်နှစ်တွင် တိုးပေးနိုင်ရန် မျှော်လင့်နေကြောင်း နိုင်ငံတော်သမ္မတပြောကြား

သတိုး
၁၈. ၁၁. ၂၀၂၆

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် တွက်ချက်နေပြီး အခွန်များတိုးမြှင့်ရရှိလာပါက လာမည်နှစ်တွင် တိုးပေးနိုင်ရန် မျှော်လင့်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ပြောကြားလိုက်သည်။

အဆိုပါ ပြောကြားချက်ကို ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့အခမ်းအနားတွင် ၂၂၂ ရက်ကြာ တာဝန်ယူခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံအတွက် ဝင်ငွေရရှိရန်မှာ အရေးကြီးပြီး များသောအားဖြင့် ဝင်ငွေကို အခွန်အခမှ ရရှိကာ ဂျီဒီပီဖြင့် ရရှိသည့် အခွန်အခ အချိုးချမည်ဆိုပါက ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး ယခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်းနှင့် ထိုသို့ တိုးမြှင့်လျာထားသော်လည်း အခွန်အခနှုန်းထား Tax Rate မတိုးဘဲ Tax Base သာတိုးချဲ့မည်ဖြစ်ကြောင်းလည်း တိုးချဲ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“အခွန်တွေတိုးရလာပြီဆိုရင်တော့ ကျွန်တော်တို့ လစာ၊ စရိတ်တွေလည်း တိုးပေးနိုင်မယ့်အနေအထားလေးလည်းရှိတယ်ဆိုတာ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော် တွက်နေပါတယ်။ လစာတိုးပေးနိုင်ဖို့လည်း တွက်နေပါတယ်။ ဒါလည်း ကျွန်တော်ထင်ပါတယ်။ လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာတိုးပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဓိက ကတော့ တိုင်းပြည်ဝင်ငွေရနိုင်ဖို့ အဓိကကျပါတယ်။ လက်ရှိအခြေအနေမှာတော့ အခြေအနေကောင်းပါတယ်။ ဒီ့ထက်ပိုရနိုင်မယ်ဆိုရင် ကျွန်တော်တို့ ခိုင်ခိုင်မာမာ လစာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ အခွန် Tax Base တိုးချဲ့ရာတွင် အခွန်ရှောင်ခြင်းများကို ဖော်ထုတ်နိုင်ပါက အခွန်လပ်မှုရှိတော့မည်မဟုတ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိမြို့နယ်၊ မြေပြင်များတွင် စိစစ်စေလိုကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပြုငွေတိုးမြှင့်ရန် တင်ပြထားသဖြင့် ခွင့်ပြုပေးလိုသော်လည်း ဝင်ငွေရသည့်အပေါ်မူတည်၍ စရိတ်တိုးမြှင့်ရမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့အတွက်ပါ အထောက်အကူရအောင် အခွန်တိုးမြှင့်ရရှိရေး စိစစ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတက ထပ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News