CarsDB

EV ဘက်ထရီ အလုံးရေ ၅၀၀,၀၀၀ ကို လေ့လာချက်အရ မော်ဒယ်အများစုမှာ ကီလို ၁၀၀,၀၀၀ မောင်းပြီးချိန်တွင် ဘက်ထရီစွမ်းဆောင်ရည် ၉၀ ရာခိုင်နှုန်း ထိန်းထားနိုင်ဆဲဖြစ်ကြောင်း တွေ့ရှိ

လျှပ်စစ်ကား ဘက်ထရီ ၅၀၀,၀၀၀ ကို လေ့လာခဲ့သည့် သုတေသနတစ်ရပ်အရ မည်သည့် ကားမော်ဒယ်တို့သည် စွမ်းဆောင်ရည် အကောင်းဆုံး ထိန်းထားနိုင်သည်ကို တွေ့ရှိလာသည်။

Tesla Model Y နှင့် Model 3 တို့သည် အခြေအနေကောင်းသော်လည်း ထိပ်ဆုံးတန်းတွင် ပါဝင်ခဲ့ခြင်း မရှိချေ။

အဆိုပါ သုတေသနတွင် လေ့လာခဲ့သော နာမည်ကြီး EV မော်ဒယ် အများစုသည် မိုင် ၁၀၀,၀၀၀ ခန့် မောင်းနှင်ပြီးချိန်တွင် ဘက်ထရီ စွမ်းဆောင်ရည်နှင့် မောင်းနိုင်မည့် Range ၉၀ ရာခိုင်နှုန်းအထိ ထိန်းထားနိုင်သည်ကို တွေ့ရသည်။

ယခုလေ့လာချက်ကို EV ဘက်ထရီ စစ်ဆေးရေး ကုမ္ပဏီ Aviloo က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသုတေသနတွင် နာမည်ကြီး EV မော်ဒယ် ၂၀ ကို ဘက်ထရီအခြေအနေ စစ်ဆေးမှု ရလဒ်ပေါင်း ၅၀၀,၀၀၀ ခန့် စုစည်းခဲ့သည်။ ၂၀၂၂ မှ ၂၀၂၆ ခုနှစ်အတွင်း မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ အာရှနှင့် ဩစတြေးလျတို့ရှိ EV များကို လေ့လာခဲ့ခြင်း ဖြစ်သည်။

Aviloo သည် ဘက်ထရီ၏ အသစ်အခြေအနေတွင် ရှိခဲ့သည့် စွမ်းဆောင်ရည် ရာခိုင်နှုန်းမည်မျှ ကျန်နေသေးသည်ကို လေ့လာခြင်း ဖြစ်သည်။

တနည်းဆိုရလျှင် ဘက်ထရီ ၉၅ ရာခိုင်နှုန်း ကျန်သေးသည်ဟု တွေ့ရသော EV သည် ဘက်ထရီ အားအပြည့် သွင်းပြီးချိန်တွင် ယခင်မောင်းနိုင်ခဲ့သည့် range ၏ ၉၅ ရာခိုင်နှုန်းခန့် စွမ်းဆောင်ရည်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

Aviloo သည် ကီလို ၅၀,၀၀၀ (၃၁,၀၆၈ မိုင်)၊ ကီလို ၁၀၀,၀၀၀ (၆၂,၁၃၇ မိုင်) နှင့် ကီလို ၁၅၀,၀၀၀ (၉၃,၂၀၅ မိုင်) မောင်းပြီးချိန်များတွင် ကားမော်ဒယ်တစ်ခုချင်း၏ ဘက်ထရီ ကျန်းမာရေး အခြေအနေ မည်သို့ရှိသည်ကို လေ့လာမှတ်တမ်းတင်ထားခဲ့သည်။

[ကီလိုမီတာ ၅၀,၀၀၀ မောင်းပြီးချိန်တွင် Hyundai Ioniq 5 မှာ ဘက်ထရီ သက်တမ်းအကောင်းဆုံး ထိန်းထားနိုင်သူ ဖြစ်ခဲ့သည်။ ဓာတ်ပုံ - Aviloo]

Hyundai Ioniq 5 သည် ကီလို ၅၀,၀၀၀ မောင်းနှင်ပြီးချိန်တွင် ဘက်ထရီစွမ်းရည် အများဆုံး ကျန်ရှိသည့် မော်ဒယ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ range တွက်ချက်မှုအရ ဘက်ထရီ စွမ်းဆောင်ရည် ၉၇ ရာခိုင်နှုန်းကျော် ကျန်နေသေးရာ ကားသစ်တစ်စီးကဲ့သို့ ရှိနေဆဲ ဖြစ်သည်။

Mercedes-Benz EQA crossover မှာ ၉၆ ဒသမ ၅၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

လေ့လာခဲ့သော မော်ဒယ် ၂၀ လုံးမှာ ၉၀ ရာခိုင်နှုန်း အထက် သက်တမ်းကျန် ကြသည်။
ဘက်ထရီ အရွယ်အစားသေးငယ်သော (Zoe နှင့် Leaf ကဲ့သို့) ကားတို့မှာ range နည်းသဖြင့် ဘက်ထရီကြီးသော ကားများနှင့်ယှဉ်လျှင် တူညီသော ခရီးအကွာအဝေးတစ်ခုအတွက် မကြာခဏ ပြန်သွင်းရသဖြင့် ယိုယွင်းပျက်စီးမှု ပိုမိုမြန်ဆန်တတ်ကြောင်း Aviloo က မှတ်ချက်ပြုသည်။

အားသွင်းရသည့် အကြိမ်ရေ ပိုမိုများပြားခြင်းကြောင့် အချိန်ကြာသည်နှင့်အမျှ ဘက်ထရီအပေါ် သက်ရောက်မှု ရှိလာသည်။

((ကီလို ၁၀၀၀၀၀ မောင်းပြီးတဲ့အခါ...))

ကီလို ၁၀၀,၀၀၀ မောင်းပြီးချိန်တွင် Ioniq 5 မှာ ဘက်ထရီစွမ်းဆောင်ရည် ၉၅ ရာခိုင်နှုန်းကျော် ကျန်နေဆဲဖြစ်ရာ ထိပ်ဆုံးတွင် ထပ်မံရပ်တည်ခဲ့ပြန်သည်။

အခြားသော စွမ်းဆောင်ရည်ကောင်းသည့် မော်ဒယ်များတွင် EQA (၉၅ ရာခိုင်နှုန်း)၊ Hyundai Kona Electric (၉၄ ဒသမ ၃ ရာခိုင်နှုန်း)၊ BMW i4 (၉၄ ဒသမ ၃ ရာခိုင်နှုန်း) နှင့် Ford Mustang Mach-E (၉၃ ဒသမ ၄၅ ရာခိုင်နှုန်း) တို့ ပါဝင်သည်။ ကီလို ၁၀၀၀၀၀ မောင်းပြီးချိန်တွင် လေ့လာခဲ့သည့် ကားမော်ဒယ်အားလုံးသည် ဘက်ထရီကျန်းမာရေး ၉၀ ရာခိုင်နှုန်း အထက်တွင် ရှိနေကြဆဲ ဖြစ်သည်။

(ကီလို ၁၀၀,၀၀၀ မောင်းပြီးချိန်တွင်လည်း Ioniq 5 မှာ ဘက်ထရီကျန်းမာရေး အကောင်းဆုံးအဖြစ် ဆက်လက်ရပ်တည်နေသည်။ ဓာတ်ပုံ - Aviloo]

((ကီလို ၁၅၀၀၀၀ မောင်းပြီးတဲ့အခါ....))

ကီလို ၁၅၀,၀၀၀ မောင်းပြီးချိန်တွင် မော်ဒယ်အများစု၏ ဘက်ထရီကျန်းမာရေးမှာ ၉၀ မှ ၉၄ ရာခိုင်နှုန်း ကြားတွင် ရှိကြသည်။ သို့သော် ကားငယ်များတွင်မူ ၉၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသွားရာ Mini Cooper SE (၈၇ ဒသမ ၁၁ ရာခိုင်နှုန်း)၊ Leaf (၈၆ ဒသမ ၆၇ ရာခိုင်နှုန်း) နှင့် Zoe (၈၇ ဒသမ ၃၃ ရာခိုင်နှုန်း) တို့ ဖြစ်သည်။

Ioniq 5 နှင့် EQA တို့မှာ ၉၃ ဒသမ ၇၉ ရာခိုင်နှုန်းနှင့် ၉၃ ဒသမ ၉၇ ရာခိုင်နှုန်းတို့ဖြင့် ထိပ်ဆုံးနေရာများတွင် ရှိနေသည်။

၎င်းတို့၏နောက်တွင် i4 (၉၃ ဒသမ ၆၂ ရာခိုင်နှုန်း)၊ Kona EV (၉၂ ဒသမ ၉၅ ရာခိုင်နှုန်း) နှင့် Volvo XC40 Recharge (၉၂ ဒသမ ၇၉ ရာခိုင်နှုန်း) တို့ ရပ်တည်နေသည်။

[ကီလို ၁၅၀,၀၀၀ မောင်းနှင်ပြီးချိန်တွင်ပင် လေ့လာခဲ့သော EV အများစုသည် ဘက်ထရီစွမ်းရည်နှင့် range ၉၀ ရာခိုင်နှုန်းကျော် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ကြောင်း တွေ့ရသည်။ ဓာတ်ပုံ - Aviloo]

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: This Study Covered 500,000 EV Batteries. Some Models Aged Much Better Than Others (autos.yahoo)

မူရင်းသတင်း — CarsDB