NP News

ပန်ဒါဝက်ဝံတစ်ကောင်ပေးပို့ဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို မက္ကဆီကိုသမ္မတ တောင်းဆို

Pika (NP News) - နိုဝင်ဘာ ၁၈

တရုတ်နိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုအတွင်း မက္ကဆီကိုနိုင်ငံအတွက် ပန်ဒါဝက်ဝံတစ်ကောင်ပေးပို့ပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို မက္ကဆီကိုသမ္မတ ကလောက်ဒီးယားရှိန်းဘောင်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ကလောက်ဒီးယားရှိန်းဘောင်းက "လာမယ့်နှစ်က တရုတ်-မက္ကဆီကိုဆက်ဆံရေး(၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဒါက အလွန်အရေးပါတဲ့မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့က ခရီးသွားကဏ္ဍတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသလို ဒီပူးပေါင်းဆောင်ရွက်မှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ Chapultepec တိရစ္ဆာန်ရုံအတွက် ပန်ဒါဝက်ဝံတစ်ကောင်ပေးပို့ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီတွေ့ဆုံမှုက အလွန်ကောင်းမွန်ခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မက္ကဆီကိုမြို့က Chapultepec တိရစ္ဆာန်ရုံမှာ တရုတ်နိုင်ငံကပိုင်ဆိုင်ထားတာမျိုးမရှိတဲ့တစ်ခုတည်းသော ဧရာမပန်ဒါဝက်ဝံတစ်ကောင်ရှိနေပြီး အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ ရှင်းရှင်းလို့ခေါ်တဲ့ ပန်ဒါအမတစ်ကောင်ဖြစ်တယ်လို့သိရပါတယ်။
ရှင်းရှင်းဟာ (၁၉၇၅)ခုနှစ်က မက္ကဆီကိုနိုင်ငံကိုခေါ်ဆောင်လာခဲ့တဲ့ ဧရာမပန်ဒါဝက်ဝံတွေမှာ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ပန်ဒါဝက်ဝံဖြစ်တယ်လို့လည်း သိရပါတယ်။

(၁၉၈၀) ပြည့်နှစ်ကနေ စတင်ပြီး တရုတ်နိုင်ငံဟာ ပန်ဒါဝက်ဝံတွေကို သတ်မှတ်ကာလတစ်ခုအထိ ငှားရမ်းပေးတဲ့ မူဝါဒကိုကျင့်သုံးလာခဲ့ပြီး အပြန်အလှန်အနေနဲ့ တောရိုင်းပန်ဒါဝက်ဝံတွေ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့မှုတွေကို ရယူလေ့ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News