
■ အာဆီယံ၏ အချက်ငါးချက်ကို လက်မခံဘဲ အခြားအာဆီယံနိုင်ငံများတွင် နိုင်ငံရေးအကြပ်အတည်းများ၊ ရွေးကောက်ပွဲပဋိပက္ခများ၊ ဆူပူဆန္ဒပြမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံကိုသာ ဖိအားပေးခြင်းများရှိသဖြင့် အာဆီယံနှင့် ဆက်ဆံရေးအတွက် ပြန်လည်သုံးသပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်သမ္မတပြောကြား
■ အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၊ အရှေ့နိုင်ငံအချို့နှင့် ထိတွေ့ဆက်ဆံဆွေးနွေးမှုများရှိ
အာဆီယံ၏ အချက်ငါးချက်ကို လက်မခံဘဲ အခြားအာဆီယံနိုင်ငံများတွင် နိုင်ငံရေး အကြပ်အတည်းများ၊ ရွေးကောက်ပွဲပဋိပက္ခများ၊ ဆူပူဆန္ဒပြမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံကိုသာ ဖိအားပေးခြင်းများရှိသဖြင့် အာဆီယံနှင့် ဆက်ဆံရေးအတွက် ပြန်လည်သုံးသပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံတွေမှာ နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်ခဲ့တာရှိပါတယ်။ အာဏာသိမ်းခဲ့တာတွေရှိပါတယ်။ ရွေးကောက်ပွဲတွေမှာ ပဋိပက္ခတွေရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲလိမ်တာတို့၊ မဲခိုးတာတို့၊ မတရားမှုတွေပြုလုပ်တာတို့၊ အငြင်းပွားမှုတွေတို့၊ ဆူပူဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီဆန့်ကျင်ပြီးတော့ ဒီမိုကရေစီစနစ်ဆိုပေမယ့်လည်း တင်းကြပ်တဲ့ ဒီမိုကရေစီနဲ့ လာဘ်စားမှုတွေ သာဓက များစွာရှိပါတယ်။ ဒါတွေကို ဘာမှဖိအားပေးခဲ့တာ မရှိဘဲနဲ့ ကျွန်တော်တို့နိုင်ငံမှ လာလုပ်တာကို ကျွန်တော်တို့တွေ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိအားပေးတာတွေ၊ နိုင်ငံကို သိက္ခာချခြင်းမျိုးတွေ ကျွန်တော်တို့လုပ်ခဲ့တာ မရှိခဲ့ပါဘူး။ သို့သော် မြန်မာနိုင်ငံကျတော့မှ လာပြီး လုပ်တာကို တွေ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် မဖြစ်မီကတည်းက တည်ရှိနေတဲ့ နိုင်ငံရေးအကြပ်အတည်း၊ ပဋိပက္ခတွေ လက်နက်ကိုင်သောင်းကျန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တရားမဝင်လုပ်ငန်းတွေကို ယနေ့ထက်တိုင် ဖြေရှင်းနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှ ဖြစ်တာမဟုတ်ပါဘူး" ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အာဆီယံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်ငါးချက်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက " ၂၀၂၁ ခုနှစ် ဧပြီ ၂၃ ရက်က ကျွန်တော်တို့ သွားတဲ့အချိန်မှာ အာဆီယံထိပ်သီးအစည်းအဝေးကို ဂျကာတာမှာ ကျွန်တော်တို့ သွားတက်ပါတယ်။ သွားတက်တော့ အဲ့ဒီမှာလည်း ဥက္ကဋ္ဌ ပြောတဲ့ သူတို့ပြောတဲ့ အာဆီယံ Statement ပေါ့။ သူတို့ရည်ညွှန်းတဲ့ ငါးချက်ကိုပြောပါမယ်။ ကျွန်တော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း အစည်းအဝေးမှာလည်း ရှင်းတာမဟုတ်ဘဲနဲ့ နောက်ကျမှ ဥက္ကဋ္ဌ ကြေညာချက်ဆိုပြီး ထွက်လာတာဖြစ်ပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ လက်မခံဘူးလို့ ပြောထားပါတယ်။ အဲဒီမှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ လာအိုကနေပြီးတော့ အာဆီယံစတင်တည်ထောင်သည့်အချိန်မှစပြီး နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားပြုမှုအား ကန့်သတ်ခြင်းမှာ မရှိခဲ့ဘူးလို့ လာအိုက ထည့်ပြောခဲ့ပါတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ထိခိုက်ခံစားခဲ့ရသည့် သဘာဝဘေးအန္တရာယ်များတွင်လည်း အာဆီယံအဖွဲ့ဝင်များထံမှ ဒေါ်လာ ၃၀ ဒသမ ၁၂၅ သန်းသာရရှိခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်အပါအဝင် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှလည်း ချေးငွေများ မရရှိခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ယင်းကာလအတွင်း နိုင်ငံခြားငွေ ၁ ဒသမ ၈ ဘီလျံအထိ သုံးစွဲခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
" ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ခဲ့တဲ့ ပျက်စီးမှုတွေ မြန်မာနိုင်ငံအလယ်တကြောမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီး အဲ့ဒီမှာ ပျက်စီးဆုံးရှုံးမှုတွေ များပါတယ်။ ဒါပေမဲ့ အာဆီယံက AHA စင်တာက ၃၀ ဒသမ ၁၂၅ သန်းပဲ အကူအညီရခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရ အဲ့ဒီကာလအတွင်းမှာပဲ နိုင်ငံခြားငွေ ၁ ဒသမ ၈ ဘီလျံ သုံးစွဲခဲ့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ သုံးရတာဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ဘာချေးငွေမှ မရခဲ့ပါဘူး။ ဒီလိုဖြစ်တဲ့အခါကျတော့ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့ ကြေညာချက်ထုတ်တာကို တွေ့ရပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ရှိတဲ့သူတွေ လုပ်ကိုင်ခွင့်ရှိတဲ့ လူပုဂိုလ် သုံးလေးဦးကနေပြီးတော့မှ သူတို့ရဲ့ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်ဆွေးနွေးနေတာဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆီယံနဲ့ ရှေ့ဆက်ပြီးတော့ ဆက်ဆံရေးအတွက်လည်း ပြန်လည်သုံးသပ်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်။ မြန်မာနိုင်ငံနဲ့ အာဆီယံ ပုံမှန်ဆက်ဆံရေးပြန်လည်ဖြစ်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကိုလည်း ထည့်သွင်းပြီးတော့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးသွားပါမယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သို့ သွားရောက်စဉ်တွင် အချို့နိုင်ငံများက မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးပြန်ဖြစ်ရန် လိုလားသည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
" ကျွန်တော်တို့ သွားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေ ရှိပါတယ်။ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘာဒီးယား၊ မလေးရှား။ အဲ့ဒီကို ရောက်တဲ့အချိန်မှာ တာဝန်ရှိတဲ့နိုင်ငံ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံထဲမှာ ပုံမှန်ဆက်ဆံရေးရှိနိုင်ဖို့အတွက် လိုလားတယ်ဆိုတာ အကုန်ထုတ်ပြောပါတယ်။ ခင်ဗျားကို အာဆီယံအစည်းအဝေးမှာ တွေ့ချင်တယ်ဆိုပြီး ပြောကြတာရှိပါတယ်။ တချို့ကလည်း ရင်းရင်းနှီးနှီးပြောကြသလို တချို့ကလည်း အစည်းအဝေးမှာ ထည့်ပြောတာရှိပါတယ်။ ဆိုတော့ ဒီ အာဆီယံမှာ လုပ်နေတဲ့ကိစ္စက နိုင်ငံအားလုံးရဲ့ ဆန္ဒမဟုတ်ဘူး" ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
လက်ရှိတွင် အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံအချို့နှင့်လည်း ဆွေးနွေးမှုများရှိကြောင်း၊ အချို့နိုင်ငံများနှင့်လည်း အပြုသဘောဆောင်သည့် ဆက်ဆံမှုများရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
" ကျွန်တော်တို့အပေါ်မှာ အမြဲတမ်းပြဿနာဖြစ်နေတဲ့ အင်အားကြီးနိုင်ငံ အမေရိကန်နဲ့လည်း ဆွေးနွေးမှုရှိပါတယ်။ ဘာပဲပြောပြော ဆက်ဆံမှုတစ်ခုတော့ရှိနေတဲ့ အတိုင်းအတာတစ်ခုတော့ ရှိပါတယ်။ သို့သော် ကျွန်တော်တို့ အလုံးစုံတော့ မပြီးမြောက်သေးပါဘူး။ ဆက်ဆံမှုတွေ၊ ဆွေးနွေးမှုတွေရှိနေပါတယ်။ ဒီလိုပဲ တချို့နိုင်ငံတွေလည်း ကျွန်တော်တို့အပေါ်မှာ တရားဝင်သံတမန်ဆက်ဆံမှု သံအမတ်ကြီးဖို့အတွက်လည်း အောက်ခြေချင်း လာရောက်ထိတွေ့ပြီး ထိတွေ့ဆက်ဆံတာတွေ လုပ်ပါတယ်။ အရင်လိုတော့ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ ရှိပါတယ်။ အနောက်နိုင်ငံတွေရှိသလို၊ တချို့အရှေ့နိုင်ငံတွေလည်းရှိပါတယ်။ ကျွန်တော်တို့လည်း ခုနကပြောသလို ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေး လုပ်ပါတယ်။ ဒါကြောင့် ဘာပဲပြောပြော ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းနှီးစွာ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆုံးဖြတ်ထားတာကို ပြောလိုပါတယ်။ အိမ်နီးနားချင်းနိုင်ငံမှ မဟုတ်ပါဘူး။ သို့သော် အိမ်နီးနားချင်းနိုင်ငံကိုတော့ ဦးစားပေးရမှာပေါ့။ ကျွန်တော်တို့နဲ့ ဆက်ဆက်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့၊ လာအိုတို့၊ နောက် ကျွန်တော်တို့ ဒီဘက်က ဘင်္ဂလားဒေ့ရှ်ကတော့ နယ်စပ်ပြဿာနာလေးရှိတဲ့အတွက် တချို့ဟာတွေမှာတော့ အခက်အခဲရှိပေမယ့်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်တို့ဆီက ကိုယ်စားလှယ်လည်း သွားပါတယ်။ သူတို့ဆီက ကိုယ်စားလှယ်လည်း လာဖို့ တွေ့ဖို့ လုပ်နေတာတွေလည်း ရှိပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများ၊ အာဆီယံနှင့် ပတ်သက်သည့်အခြေအနေများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်အောင် ဆောင်ရွက်ပြီး လိုအပ်သည့် တုံ့ပြန်မှုများ လုပ်ဆောင်ရန်လည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံမှာ အာဆီယံအဖွဲ့သို့ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။