Eleven Media Group

■ မကွေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် PUBG Mobile MAGWAY Junior's Cup 2026" Esport ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် PUBG Mobile MAGWAY Junior's Cup 2026" Esport ပြိုင်ပွဲကို နိုဝင်လ ၁၆ ရက် နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှု၊ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မကွေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီတို့၏ ပူးပေါင်း ကူညီမှုတို့ဖြင့် မြန်မာနိုင်ငံ အခြေခံပညာကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် “PUBG Mobile MAGWAY Junior's Cup 2026" Esports ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ဒု-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ PUBG Mobile ကုမ္ပဏီနှင့် ရုပ်ရှင် သရုပ်ဆောင် နေထူးနိုင်နှင့်အဖွဲ့များ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဒိုင်အဖွဲ့ ဝင်များ၊ မြို့နယ်အသီးသီးမှ ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားသမားများနှင့် အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဒီနေ့အခမ်းအနားဟာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု PUBG Mobile ကုမ္ပဏီနှင့် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်တို့၏ ကနဦးစတင်ထောက်ပံ့မှု၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှု၊ မကွေး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မကွေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှု ကော်မတီတို့၏ ပူးပေါင်းကူညီမှုတို့နှင့် ကျင်းပပြုလုပ်သည့် “PUBG Mobile MAGWAY Junior's Cup 2026" Esports ပြိုင်ပွဲဖြစ်ပါကြောင်း၊ ယခု Esports ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၆)မြို့နယ်မှ အခြေခံပညာကျောင်းစုစုပေါင်း (၈၈)ကျောင်း ပါဝင်ယှဉ်ပြိုင်မည့် အသင်းပေါင်း (၂၃၄)သင်းမှ ပြိုင်ပွဲဝင် ကစားသမား ကျောင်းသား၊ ကျောင်းသူပေါင်း(၁၁၇၀)ဦးတို့ဖြင့် ကျင်းပ ဆောင်ရွက်ကြောင်း သိရှိရတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ များစွာဝမ်းမြောက်ပါ ကြောင်း၊ မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ကို ၂၀၁၇ ခုနှစ်မှ စတင်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံအတွင်း အီလက်ထရောနစ် အားကစားကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်များ၏ စွမ်းရည်များ ဖော်ထုတ် မြှင့်တင် ပေးရန်နှင့် နိုင်ငံတကာအဆင့်အထိ ယှဉ်ပြိုင်နိုင်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းများကိုဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပြီး၊ အဖွဲ့ချုပ်အနေဖြင့် ၂၀၂၄ ခုနှစ်မှ စတင်၍ တက္ကသိုလ်အဆင့် အီလက်ထရောနစ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအီလက်ထရောနစ် အားကစား အသင်းများကလည်း နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်နှင့် အခြားဆုများစွာကို ရယူနိုင်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများအတွက် ပြိုင်ပွဲများကိုပါ အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ကာ ကျောင်းသားကျောင်းသူများအတွက် စနစ်တကျ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အခွင့် အလမ်းများ ဖန်တီးပေးရန်ရည်ရွယ်ကာ၊ အဖွဲ့ချုပ် အနေဖြင့် PUBG Mobile နှင့် ပူးပေါင်း၍ PUBG Mobile Magway Junior’s Cup 2026" Esport ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဒီနေ့ပြိုင်ပွဲမှာ မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်က ကျောင်းသား လူငယ်တွေ တစ်နေရာတည်းမှာ ချိတ်ဆက်ပြီး ပါဝင်ခွင့် ရတာဟာ စည်းလုံးညီညွတ်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ပေးတဲ့ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါကြောင်း၊ PUBG Mobile လို အသင်းလိုက်ယှဉ်ပြိုင်ရတဲ့ Esports အားကစား နည်းတွေဟာ ပြိုင်ပွဲဝင် လူငယ်များအတွက် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာများကို ဖွံ့ဖြိုးစေမည့် အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှု (Teamwork) ကို စနစ်တကျလေ့ကျင့်ပေးနိုင်ခြင်း၊ အချိန်နဲ့တပြေးညီ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မှု (Strategic DecisionMaking)ကို တိုးတက် စေနိုင်ခြင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်(Resilience and Adaptability)ကို ခိုင်မာစေနိုင် ခြင်းများ ရရှိနိုင်မှာဖြစ်ပြီး၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်သောကစားသမားများ ပေါ်ထွက်လာနိုင်ခြင်း၊ အားကစား နည်းများကို ပါဝင် ကစားရင်း သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း ဥပဒေများကို လိုက်နာတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိခြင်း၊ ကူညီရိုင်းပင်း လိုသော စိတ်တိုးပွားခြင်းနှင့် အများနှင့် စုပေါင်းဆောင်ရွက်တတ်ခြင်း စတဲ့အကျိုးကျေးဇူး တွေကို ရရှိမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့်ပြိုင်ပွဲဝင်ကြမည့် ကစားသမားကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အနိုင်အရှုံးကို စည်းကမ်းတကျ လက်ခံနိုင်တဲ့ အားကစားစိတ်ဓာတ် (Sportsmanship)ကိုလည်း ပြိုင်ပွဲတစ်လျှောက် မွေးမြူသွားကြဖို့ တိုက်တွန်းလိုကြောင်း၊ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ ပထမဆုံး ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရပြီး၊ ပြိုင်ပွဲဝင် အသင်း (၂၃၄) သင်းစလုံးမှ ယှဉ်ပြိုင် ရွေးချယ်ခဲ့ သော သက်ဆိုင်ရာ မြို့နယ်အလိုက် လက်ရွေးစဉ် (၁၆)သင်း အနေဖြင့် မိမိတို့ကျောင်းနှင့်မြို့နယ်ရဲ့ ဂုဏ်ကိုဆောင်နိုင်အောင်၊ မိမိတို့ရဲ့ အရည်အသွေးနဲ့ တတ်ကျွမ်းမှုကို အကောင်းဆုံး ဖော်ထုတ် ပြသသွားကြဖို့နဲ့ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများ မျှော်မှန်းထားသည့် အောင်မြင်မှုများ ရရှိအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် ပြိုင်ပွဲနှင့်သက်ဆိုင်သည့် Video clip ပြသခြင်း၊ အားကစားသမားများက စတင်ကစားရန်ပြင်ဆင်ခြင်းနှင့် အင်တာနက်လိုင်းစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကစားပွဲ(၁)နှင့် ကစားပွဲ (၂) ၊ ကစားပွဲ (၃)၊ ကစားပွဲ (၄) နှင့် ကစားပွဲ (၅)တို့ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ ပြိုင်ပွဲတွင် မြို့သစ်မြို့နယ် ကိုယ်စားပြုအသင်းက Champion ဆုရရှိခဲ့ပြီး၊ သရက်မြို့နယ် ကိုယ်စားပြု အသင်းက 2nd Price ဆုနှင့် အောင်လံမြို့နယ် ကိုယ်စားပြုအသင်းက 3nd Price ဆုရရှိကာ၊ Champion ဆုငွေကျပ်သိန်း(၅၀)၊1st Runner Up ဆုငွေကျပ်(၃၅)သိန်း၊ 2nd Price ဆုငွေကျပ်(၂၅)သိန်း၊ 3nd Price ဆုငွေကျပ်သိန်း (၂၀)တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြသော ကစားသမားများနှင့် အသင်းများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group