
ဒေသအလိုက် ကုန်ဈေးနှုန်းကြီးမြင့်မှုများ လျှော့ချနိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ယနေ့ ကြုံတွေ့နေရသည်မှာ ကုန်ဈေးနှုန်းပြဿနာဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်တက်လာခြင်းမှာ အကြောင်းနှစ်ခုကြောင့်ဖြစ်ကြောင်း၊ တစ်ခုမှာ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှသဖြင့် ကုန်ပစ္စည်းရှားပါးကာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ဆင့်ကဲအမြတ်တင်ရောင်းချမှုများကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်လာရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဒုတိယအချက်မှာ ထုတ်လုပ်မှုကုန်ကျစရိတ် များပြားသဖြင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွင် သယ်ယူပို့ဆောင်ရေးစရိတ်၊ ကုန်ကြမ်းစရိတ်၊ သွင်းအားစုစရိတ်၊ လုပ်ခလစာ စသည့် စရိတ်များ များပြားခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒေသအလိုက် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ လျှော့ချနိုင်ဖို့အတွက် မွေးမြူရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ကုန်ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကုန်ဈေးနှုန်းကျဆင်းရေးကို အထောက်အကူပြုနိုင်မည့် လမ်းကြောင်းများအား လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေးစရိတ် ကျဆင်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ကုန်တင်ရထားများ ပြေးဆွဲပေးခြင်း၊ စက်သုံးဆီတင်သွင်းမှုများတွင် အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ ဓာတ်မြေသြဇာတင်သွင်းမှုများအား အခွန်ကင်းလျှော့ချခွင့်ပြုခြင်းနှင့် ဓာတ်မြေသြဇာတင်သွင်းခြင်းအား G to G စနစ်ဖြင့် ဝယ်ယူ၍ရနိုင်အောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လုပ်ဆောင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုကို တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်းနှင့် ငွေရှိသူများအနေဖြင့် အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုကြရန် ၎င်းအနေဖြင့် တိုက်တွန်းလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။