Eleven Media Group

ကမ္ဘာ့စီးပွားရေးနိုင်ငံများအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်သုံးရပ်ကို ရှီကျင်းပင်က APEC အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားပြီး နိုင်ငံအလိုက် မတူညီသော အခြေအနေများကို နားလည်ပေးကာ ကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားရန်လည်း တိုက်တွန်း

၃၃ ကြိမ်မြောက် အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က တရုတ်နိုင်ငံ ရှန်းကျန်းမြို့တွင် စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့စီးပွားရေးနိုင်ငံများအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်သုံးရပ်ကို သမ္မတ ရှီကျင်းပင်က APEC အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းကတိကဝတ်ထဲတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူဈေးကွက်နှင့် အကြီးဆုံး အလယ်အလတ်ဝင်ငွေ လူတန်းစားရှိသည့် တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်ကားနှင့် ဆောင်းရာသီ ခရီးသွားလုပ်ငန်းများတွင် ဈေးကွက်သစ်များ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရှီက ပြောကြားသည်။

ထို့ပြင် စက်ရုပ်နည်းပညာ၊ အလိုအလျောက်မောင်းနှင်မှုနှင့် ဒရုန်းပိုဆောင်ရေးစသည့် နည်းပညာသစ်များကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ အလားတူ အခွန်လျှော့ချရုံသာမက စည်းမျဉ်းစည်းကမ်းနှင့် စံနှုန်းများကိုပါ ပြုပြင်ပြောင်းလဲကာ ထုတ်လုပ်မှုကဏ္ဍကို အပြည့်အဝ တံခါးဖွင့်ပေးပြီး ဝန်ဆောင်မှုကဏ္ဍကိုလည်း ဆက်လက်ချဲ့ထွင်ပေးမည်ဖြစ်ကြောင်းနှင့် Belt and Road စီမံကိန်းမှတစ်ဆင့် အာရှ-ပစိဖိတ် စီးပွားရေးလုပ်ငန်းများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။

ရှီက မိန့်ခွန်းတွင် အခန်းကဏ္ဍ လေးခုပါဝင်ပြီး ယင်းတို့မှာ လက်ရှိ ကမ္ဘာ့အခြေအနေနှင့် ရှန်ကျွင်း၏ အခန်းကဏ္ဍ၊ အာရှ-ပစိဖိတ်ဒေသ သာယာဝပြောရေးအတွက် အဓိက လမ်းစဉ် (၄) ရပ်၊တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်များအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ် သုံးရပ်တို့ဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသ သာယာဝပြောရေးအတွက် အဓိက လမ်းစဉ် လေးရပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းခြင်း၊ WTO ဗဟိုပြု ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ကာကွယ်ရန်၊ ထောက်ပံ့ရေးကွင်းဆက်များ မပြတ်တောက်စေရန်နှင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTAAP) ကို အကောင်အထည်ဖော်ရန်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ AI နည်းပညာနှင့် စိမ်းလန်းသော (ကာဘွန်နည်းသော) အသွင်ကူးပြောင်းမှုများကို ဦးစားပေး ပူးပေါင်းဆောင်ရွက်ရန် နှင့် နိုင်ငံအလိုက် မတူညီသော အခြေအနေများကို နားလည်ပေးပြီး ကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားကာ ဖွံဖြိုးမှု အသီးအပွင့်များကို အားလုံး မျှဝေခံစားနိုင်ရန် ရှီက ပြောကြားသည်။

ထို့ပြင် ကွမ်တုံ-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသကဲ့သိုသော ပင်လယ်အော်စီးပွားရေးဇုန်များ အချင်းချင်း ချိတ်ဆက်သင်ယူနိုင်ရန် World Association of Bay Areas for Economic Cooperation တည်ထောင်မှုကို တရုတ်က ထောက်ခံကြောင်း သမ္မတ ရှီကျင်းပင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ရှီက တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေကို ပြောကြားရာတွင် တရုတ်အနေဖြင့် ယခုနှစ် ပထမသုံးလပတ်အတွင်း စီးပွားရေး ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားများ အားကောင်းလာနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်တာစီမံကိန်းကို ယခုနှစ်တွင် စတင်ပြီး ယင်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းအတွက်ပါ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖိတ်ခေါ်နေခြင်း ဖြစ်ကြောင်း ပြောသည်။

သို့သော် လက်ရှိကမ္ဘာ့အခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေပြီး တစ်ဖက်သတ်ဝါဒ နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ မြင့်တက်လာနေသည်ဟု ၎င်းကဆိုသည်။

၃၃ ကြိမ်မြောက် အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် တရုတ်နိုင်ငံ ရှန်းကျန်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ၊ China Public Diplomacy Association(CPDA)၏ Eleven Media Group အား ယင်းအစည်းအဝေးကို သတင်းရယူရန် ဖိတ်ကြားချက်အရ Eleven Media Group ၏ အမှုဆောင်အယ်ဒီတာ ကိုတိုးဝေဖြိုးနှင့် နိုင်ငံတကာ သတင်းအယ်ဒီတာ မမြတ်သက်မှူးကိုတို့က တက်ရောက်သတင်းရယူလျက်ရှိသည်။

တိုးဝေဖြိုး၊ မြတ်သက်မှူးကို

မူရင်းသတင်း — Eleven Media Group