၁၈.၁၁.၂၀၂၆
Written by NYL
မြန်မာ့မီးရထားလမ်းများနှင့် တံတားများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် မီးရထားခေါင်းတွဲနှင့် ရထားတွဲများကို ပြည်တွင်း၌သာ တည်ဆောက်ရန်၊ ပြည်ပမှ လုံးဝမဝယ်ရန် အမိန့်ထုတ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်၏ မူဝါဒများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္နတ ဦးမင်းအောင်လှိုင်က “ကျွန်တော်တို့ ရန်ကုန်-မန္တလေးလမ်း အဆင့်မြှင့်သလို ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း ပြီးလို့ရှိရင် မော်လမြိုင်-ရေးလမ်း ဒါတွေလည်း ကျွန်တော်တို့ အဆင့်မြှင့်ဖို့အတွက် လုပ်နေပါတယ်။ နောက်ထပ် ရထားလမ်းတင် မဟုတ်ဘူး၊ တံတားတွေပါပြင်ရမယ်။ တံတားတွေက ကျွန်တော်တို့က သတ်မှတ်ထားတဲ့ မိုင်နှုန်းကို မောင်းမယ်ဆိုရင် ၇၀၊ ၈၀ မောင်းဖို့အတွက် Vibration ကို ခံနိုင်ဖို့လိုပါတယ်။ သူ့ရဲ့ Pressure ခံနိုင်ဖို့လိုတယ်။ Vibration ခံနိုင်ဖို့လိုပါတယ်။ အဲ့ဒီ့အတွက် ကျွန်တော်တို့ တံတားတွေ အဆင့်မြှင့်ဖို့လိုပါတယ်။ မမြှင့်လို့မရပါဘူး။ လက်ရှိ ကျွန်တော်တို့ တံတားတွေမှာ တအားမောင်းလို့ မရပါဘူး။ ကျွန်တော်တို့ တံတားကြရင် အရှိန်လျှော့ရပါတယ်။ တံတားတွေ အရင်ပြင်ဖို့လည်း လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုပြင် မီးရထားလမ်းများ အဆင့်မြှင့်တင်ရာတွင် ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးလမ်းတို့ကို ဒွေးလမ်းအဖြစ် ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
“တကယ်တမ်း အသုံးများလာပြီဆိုလို့ရှိရင် ရထားတစ်စင်းနဲ့ တစ်စင်းက ရှေ့နောက် ဆက်မိနေလို့လည်း မရပါဘူး။ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဒွေးလမ်းတွေ ကျွန်တော်လုပ်ရမှာဖြစ်ပေတယ်။ ဒါကြောင့် ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင်ကို ကျွန်တော် ဒွေးလမ်းလုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။ မော်လမြိုင်နဲ့ ရေးလမ်းကိုလည်း ကျွန်တော် အဆင့်မြှင့်ပြီးတော့ ဒွေးလမ်းလုပ်ဖို့ လုပ်နေပါတယ်” နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ဆက်လက်၍ ထားဝယ်စီးပွားရေးဇုန်မှ ထားဝယ်မြို့အထိ ဆက်သွယ်နိုင်သည့် ပင်လယ်ကမ်းခြေအတိုင်း မီးရထားလမ်းတစ်ခု ဖောက်လုပ်သွားမည်ဖြစ်ပြီး မိုင် ၉၀ ခန့်ရှည်လျားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ထားဝယ်မှာ ရေနက်ဆိပ်ကမ်းနဲ့အတူ စက်မှုဇုန်လုပ်ဖို့ စီးပွားရေးဇုန် လုပ်နေပါတယ်။ အဲဒီစီးပွားရေးဇုန်နဲ့ ထားဝယ်မြို့ထိကို ဆက်သွယ်လို့ရအောင် ရထားလမ်းတစ်ခုကို ပင်လယ်ကမ်းခြေအတိုင်း ဖောက်ဖို့အတွက် ကျွန်တော်တို့တိုင်းထွာပြီးဖြစ်ပါတယ်။ မိုင် ၉၀ လောက်ရှည်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိလမ်းကတော့ မလွဲတောင်တက်ပြီးတော့မှ ထားဝယ်မြို့ကို သွားရတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ရထားက တော်ရုံတန်ရုံနဲ့ မတက်နိုင်ပါဘူး။ ကျွန်တော်တို့လည်း ဒီလမ်းကို သွားဖူးပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကိုလည်း တောင်ပေါ်တက်မဲ့အစား ပင်လယ်ကမ်းခြေအတိုင်းသွားတဲ့ လမ်းတစ်လမ်းဖြစ်ဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေတာရှိပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
၁၈၈၇ ခုနှစ်တွင် ရန်ကုန်-ပြည်လမ်း မီးရထားလမ်းဖြင့် စတင်ခဲ့သည့် မြန်မာ့မီးရထား ၂၀၂၇ တွင် နှစ်ပေါင်း ၁၅၀ ကျော်ပြည့်မည်ဖြစ်သော်လည်း မီးရထားအရည်အသွေးမှာ ထိုက်သင့်သလို တိုးတက်လာခြင်းမရှိကြောင်း၊ ပြည်တွင်း၌ ရထားတွဲတည်ဆောက်နိုင်သည့် အစွမ်းပကားရှိပြီး မြန်မာ့မီးရထားအင်ဂျင်နီယာများကို ကိုယ့်နိုင်ငံအတွင်း ရထားတွဲနှင့် ခေါင်းတွဲများတည်ဆောက်ရန်နှင့် နိုင်ငံခြားမှ လုံး၀မဝယ်ရန် အမိန့်ထုတ်ထားကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားခဲ့သည်။