
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၊ ကီမီရိုဗိုအရပ်တွင် နိုဝင်ဘာ ၁၇ ရက်က စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၉ ဦးစလုံး သေဆုံးခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံပိုင် TASS သတင်းဌာန၏ ဖော်ပြချက်အရ An-12 အမျိုးအစား စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ပုံမှန်ပျံသန်းမှုပြုလုပ်နေရင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။
လေယာဉ်သည် လူနေထိုင်မှုမရှိသည့် နေရာတစ်ခုသို့ ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများ အပါအဝင် လူ ၁၉ ဦး လိုက်ပါလာကာ အားလုံးသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။ လေယာဉ်ပျက်ကျသည့် ကနဦးအကြောင်းရင်းက နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ကြောင်းလည်း သတင်းထဲတွင် ရေးသားထားသည်။
လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေအားလုံးကို စုံစမ်းဖော်ထုတ်ရန် ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ပျက်ကျရာနေရာသို့ သွားရောက်ခဲ့သည်။
ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် ကုန်ပစ္စည်း သို့မဟုတ် စစ်ဘက်ဆိုင်ရာပစ္စည်းများ တင်ဆောင်လာခြင်း ရှိ၊ မရှိ မသိရပေ။ An-12 လေယာဉ်များကို ရုရှားစစ်တပ်က လက်နက်ခဲယမ်းများနှင့် စစ်သည်များ သယ်ယူပို့ဆောင်ရာတွင်သာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။
Ref: AFP