Myanmar Transparency News

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဝါမီလိဂ်ပါတီ တက်ကြွလှုပ်ရှားသူများက အကြမ်းဖက်မှုများ ပြုလုပ်

၁၈.၁၁.၂၀၂၆
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂိုပါဂန်ဂျ့်ပြည်နယ်၏ တွန်ဂီပါရာ ခရိုင်ခွဲတွင် ရဲတပ်ဖွဲ့က အဝါမီ လိဂ်ပါတီမှ ဦးဆောင်သူများနှင့် ဆက်နွှယ်သူများကို ဖမိးဆီးခဲ့ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်ညက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်ညကစခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်အထိ တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေကာ လမ်းများပေါ်၌ သစ်ပင်ကြီးများ ချ၍ ပိတ်ဆို့ထားသည်ကို တွေ့ရပြီး တွန်ဂီပါရာ ခရိုင်ခွဲနှင့် အနီးနားပတ်ဝန်းကျင်ဒေသအများကြား လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ယာဉ်လေးစီးမှာ နိုဝင်ဘာလ ၁၇ ရက်ညက Nilfa Bazar ဘဏ်ခွဲတွင် မီးလောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ဝန်းကျင်ထိ မီးလောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

တွန်ဂီပါရာ ခရိုင်ခွဲသို့ လမ်းတစ်ခုလုံးကိုလည် သစ်ပင်ပင်စည်များဖြင့် ပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတစ်ဦးက Daily Star သို့ ပြောကြားခဲ့သည်။

“ဒါပေမယ့် တွန်ဂီပါရာရဲ့အခြေအနေက အခုဆို ငြိမ်းချမ်းသွားပါပြီ။ ဘယ်သူမှ အပြင်မထွက်ကြဘူး” ဟု ၎င်းက ဆိုသည်။

Nilfa Bazar လမ်းဆုံမှ တွန်ဂီပါရာ အထိ ၁၂ ကီလိုမီတာနီးပါး လမ်းတစ်လျှောက်တွင် နေရာအများအပြားတွင် ပင်စည်ကြီးများကို တွေ့ရှိခဲ့ပြီး ယာဉ်ကြောပိတ်ဆို့ခဲ့သည်။ ပင်စည်များကို အနီးနားရှိ လွှစက်များမှ ယူဆောင်လာပြီး လမ်းတစ်လျှောက် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါလမ်းသည် မနေ့ညနေပိုင်းကပင် ပင်စည်များဖြင့် ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် BGB သံချပ်ကာယာဉ်များအပါအဝင် တွန်ဂီပါရာ သို့ ဦးတည်သွားသော ယာဉ်အများအပြားမှာ Nilfa Bazar တွင်ပင် ရပ်တန့်ခဲ့သည်။ ထို့နောက် ယာဉ်လေးစီး မီးလောင်ခဲ့ပြီး ယာဉ်တန်းမှ အခြားယာဉ် အများအပြားသည် အဆိုပါနေရာမှ ထွက်ခွာနိုင်ခဲ့သည်။

Nilfa Bazar ဧရိယာရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဟာဆန် ဂါဇီက “စီးပွားရေး လည်ပတ်မှုက ရပ်တန့်လုနီးပါးဖြစ်နေပါပြီ။ ယူနွတ်စ်အစိုးရလက်ထက်မှာ ကျွန်တော်တို့ ကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့ဘူး၊ BNP အစိုးရလက်ထက်မှာလည်း အခြေအနေတွေက ပိုကောင်းလာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

တွန်ဂီပါရာ မြို့ခံ ဘီသီ မာဂျန်ဒါက “လူတွေက ငြိမ်းချမ်းရေးကိုလိုလားပြီး ဒီလို အကြမ်းဖက်မှုတွေကို အဆုံးသတ်စေချင်ပြီ။ ကျွန်တော်တို့က အကြောက်တရားနဲ့ နေထိုင်နေရတယ်။ နိုင်ငံရေးပါတီတွေ အားလုံးက သူတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရင် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ရာရောက်မှာပါ” ဟုပြောခဲ့သည်။

ထိုအတောအတွင်းမှာပင် အဝါမီလိဂ်ပါတီ တက်ကြွလှုပ်ရှားသူများက လမ်းဆုံအသီးသီးတွင် နေရာယူကာ ဝန်ကြီးချုပ်ဟောင်း ဟာစီနာ ၏ ဖခင် ရှိတ် မူဂျီဘာ ရာမန်၏ မိန့်ခွန်းများကို အသံချဲ့စက်များဖြင့် ထုတ်လွှင့်နေကြောင်း သိရသည်။

Ref: Daily Star

မူရင်းသတင်း — Myanmar Transparency News