သက်တံ့
၁၈. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ရှိ အီရာဝမ် (Erawan) ရေတံခွန်တွင် ထိုင်၍ ခြေထောက်ရေစိမ်နေသည့် အမျိုးသမီးခရီးသွားတစ်ဦးအား ဖွတ်တစ်ကောင်က ရုတ်တရက် တိုက်ခိုက်ကိုက်ခဲပြီး ရေထဲသို့ ဆွဲချသွားသည့် ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်အပြီးတွင် အမျိုးသားဥယျာဉ် တောခေါင်းဝန်ထမ်းများက ရှေးဦးသူနာပြုစုမှုများ အမြန်ဆုံး ပြုလုပ်ပေးခဲ့ပြီး အဲရာဝမ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသည်။
ကန်ချနာဘူရီခရိုင်၊ အီရာဝမ် အမျိုးသားဥယျာဉ် အကြီးအကဲ ရတ်ချာနော့ ဖန်နွိုင် (Ratchanok Phaen Noi) ၏ ပြောကြားချက်အရ အီရာဝမ်ရေတံခွန် အဆင့် (၁) (Erawan Level 1) တွင် ခြေထောက်ရေစိမ်နေသည့် အသက် ၆၀ ဝန်းကျင်အရွယ် ဂျာမနီနိုင်ငံသူ ခရီးသွားတစ်ဦး၏ ဘယ်ဘက်ခြေထောက်ကို ဖွတ်တစ်ကောင်က ကိုက်ခဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ အကိုက်ခံရမှုကြောင့် ၎င်း၏ ခြေထောက်တွင် ကြီးမားသော အသားပဲ့ထွက်ဒဏ်ရာ ရရှိခဲ့သည်။

ခရီးသွားအမျိုးသမီး၏ ကနဦး ပြန်လည်ပြောပြချက်အရ သူမသည် ရေတံခွန်တွင် ခြေထောက်ရေစိမ်နေစဉ် ဖွတ်တစ်ကောင်က ရေအောက်မှ ရေကူး၍ ချဉ်းကပ်လာကာ ဘယ်ဘက်ခြေထောက်ကို ရုတ်တရက် ကိုက်ခဲပြီး ရေထဲသို့ ဆွဲချခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် အီရာဝမ် အမျိုးသားဥယျာဉ် ဝန်ထမ်းများက ခရီးသွားအမျိုးသမီးအား ရှေးဦးသူနာပြုစုမှု ချက်ချင်းပြုလုပ်ပေးခဲ့ပြီး အီရာဝမ် ကျေးလက်ကျန်းမာရေးဌာန ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း ရတ်ချာနော့က ဖြည့်စွက်ပြောကြားသည်။ ထို့နောက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အရ ဆက်လက်ကုသမှုခံယူရန် သာခရာဒန် (Tha Kradan) ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ဥယျာဉ်တာဝန်ရှိသူများကလည်း အနီးကပ် လိုက်ပါစောင့်ရှောက် ကူညီပေးလျက်ရှိသည်။
ခရီးသွားအမျိုးသမီး အန္တရာယ်ကင်းရှင်းသည့် အခြေအနေသို့ ရောက်ရှိသည်အထိ ဒဏ်ရာအခြေအနေကို အနီးကပ် စောင့်ကြည့်ရန်နှင့် နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်သည်အထိ လိုအပ်သည့် စောင့်ရှောက်မှုများ အပြည့်အဝပေးအပ်ရန် ဥယျာဉ်ဝန်ထမ်းများအား ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ခရီးသွားအမျိုးသမီးတွင် ထိုင်းဘတ်ငွေ ၄၀၀,၀၀၀ (ကျပ်ငွေ သိန်းရာဂဏန်းခန့်) တန်ဖိုးရှိ မတော်တဆ ထိခိုက်မှု အာမခံကြေး ပါရှိကြောင်းလည်း သိရသည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် အမျိုးသားဥယျာဉ်အတွင်း ဖွတ်ဖမ်းထောင်ချောက်များကို တပ်ဆင်ထားပြီး ဖြစ်သည်။
Ref: Khaosod English
