
၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို နို၀င်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ စတင်ကျင်းပခဲ့ပြီး ယင်းအဖွဲ့တွင် စူပါ ပါဝါနိုင်ငံများမှ ခေါင်းဆောင်များဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ပူတင်တို့လည်း အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါ APEC အစည်းအဝေးကို တက်ရောက်ရန် ရုရှားသမ္မတ ပူတင်သည် နို၀င်ဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရောက်ရှိပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် နှစ်နိုင်ငံတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ထို့အတူ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်နိုင်ငံသို့ နို၀င်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ရောက်ရှိခဲ့ပြီး သမ္မတ ရှီက ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။
ယခုနှစ် APEC အစည်းအဝေးတွင် အဓိကစောင်ကြည့်ရမည့်အကြောင်းအရာသည် ထရန့်၊ ရှီကျင်းပင်နှင့် ပူတင်တို့၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖြစ်ပြီး ယင်းအစည်းအဝေးကို နို၀င်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါတွေ့ဆုံမှုအတွင်း ခေါင်းဆောင်သုံးဦး ဆွေးနွေးနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ထင်ကြေးပေးမှုများရှိနေသည်။
ယင်းတို့အနက် ရုရှားနှင့် အမေရိကန်အတွက် ထိပ်တန်းဦးစားပေး ကိစ္စသည် ဖေဖော်ဝါရီလအတွင်းက သက်တမ်းကုန်ဆုံးသွားခဲ့သော မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်သစ် (New START) ဖြစ်သည်။
ထိုစာချုပ်ကို ၂၀၁၀ ပြည့်နှစ်က ပထမဆုံး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့်ရုရှားတို့၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက် အရေအတွက်ကို ကန့်သတ်ထိန်းချုပ်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူး အရေအတွက် အများဆုံး ပိုင်ဆိုင်ထားပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ဒုတိယနဲ့ တတိယနေရာ၌ ရှိကြသည်။
ထရန့်သည် အဆိုပါစာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် သက်တမ်းထပ်တိုးရန် ရုရှား၏ အဆိုပြုချက်ကို ပယ်ချခဲ့ဖူးသည်။ထို့ပြင် စာချုပ်သစ်တွင် တရုတ်နိုင်ငံပါ ပါဝင်မယ့် သဘောတူညီချက်တစ်ရပ်ကို တောင်းဆိုခဲ့သည်။
သို့သော် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့ခြင်းမရှိသော သဘောတူညီချက်တစ်ခုတွင် ပါဝင်ရန်တွန့်ဆုတ်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။
အဆိုပါ ခေါင်းဆောင်သုံးဦး တွေ့ဆုံချိန်တွင် အီရန် စစ်ပွဲအရေးသည် နောက်ထပ်ဆွေးနွေးနိုင်မည့် အကြောင်းအရာဖြစ်ကြောင်း သုံးသပ်ကြသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲဖြစ်ပွားလာခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်လာပြီဖြစ်သည်။
အကြီးစားတိုက်ခိုက်မှုများ ရပ်တန့်နေသော်လည်း ပဋိပက္ခက မတိုးသာ၊ မဆုတ်သာအခြေအနေတွင် ရောက်ရှိနေသည်။
လက်ရှိအချိန်တွင် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး ရေလက်ကြား၌ ဖြတ်သန်းသွားလာနေသော သင်္ဘောများကို အီရန်က တိုက်ခိုက်နေသလို ရေလက်ကြားအတွင်း ထောင်ထားတဲ့ ရေမြှုပ်မိုင်းများ၏ အန္တရာယ်ကလည်း ရှိနေသည်။
ကမ္ဘာ့ရေနံထောက်ပံ့မှုစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း စီးဆင်းဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရသဖြင့် ရေနံနှင့် သဘာ၀ဓာတ်ငွေ့စျေးနှုန်းများမြင့်တက်ခဲ့သည်။
စစ်ပွဲမတိုင်ခင် တရုတ်၏ ရေနံစိမ်းတင်သွင်းမှု သုံးပုံတစ်ပုံသည် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်ပြီးတင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ပွဲဖြစ်ပွားလာချိန်တွင် တရုတ်၏ ရေနံတင်သွင်းမှုကို ထိခိုက်စေခဲ့သည်။
နောက်ထပ်ဆွေးနွေးနိုင်မယ့် အကြောင်းအရာသည် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးအားပြိုင်မှုပဲဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲများနှင့် AI နည်းပညာအတွက် အရေးကြီးသော ချစ်ပ်ပြားများ ထိန်းချုပ်နိုင်ရန်အတွက် အမေရိကန်နှင့်တရုတ်အကြား ပြိုင်ဆိုင်မှုပြင်းထန်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း တင်းမာစေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထရန့်သည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန် ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပြီး တရုတ်ကလည်း အမေရိကန်သွင်းကုန်များအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး တုံ့ပြန်ခဲ့သည်။
ထို့ပြင် တရုတ်က ချစ်ပ်ပြားများနှင့် အခြားနည်းပညာမြင့်ပစ္စည်းများ ထုတ်ရန် လိုအပ်သော မြေရှားသတ္တုတင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲြခြင်းကြောင့် တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့သည်။
ထို့နောက် တောင်ကိုရီးယားနဲ့ အမေရိကန်တွင် ထရန့်နှင့် ရှီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံကြား အခွန်နှုန်းထားများကို လျှော့ချခဲ့ပြီး သဘောတူညီချက် အများအပြားလည်း ရရှိခဲ့သည်။
သို့သော်လည်း ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Nvidia ကုမ္ပဏီ၏ စီအီးအိုဟောင်း ဂျန်ဆန်ဟွမ်အနေဖြင့် တရုတ်သူလျှိုဟု စွပ်စွဲခံထားရသော တရုတ်အမျိုးသမီးတစ်ဦးနှင့် အချစ်ဇာတ်လမ်းရှုပ်ခဲ့သော ကိစ္စကလည်း နှစ်နိုင်ငံဆက်ဆံရေးကို ရှုပ်ထွေးစေခဲ့သည်။
ထရန့်၊ ရှီနှင့် ပူတင်တို့သည် ယူကရိန်းအရေးကိုမူ ဆွေးနွေးရန် အလားအလာအလွန်နည်းပါးကြောင်း
ကျွမ်းကျင်သူများက ပြောသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကလည်း ထရန့်အနေဖြင့် ယူကရိန်းစစ်ပွဲအကြောင်းကို ထည့်သွင်းပြောဆိုမည် မဟုတ်ကြောင်း ပြောကြားထားသည်။
ရုရှား၏ မဟာမိတ် တရုတ်နိုင်ငံကလည်း ယူကရိန်းစစ်ပွဲသည် ဥရောပ၏ ကိစ္စတစ်ခုသာဖြစ်သည်ဟု ဆိုသည်။
ယင်းအကြောင်းအရာများသည် ခေါင်းဆောင် သုံးဦးတွေ့ဆုံချိန်တွင် ဆွေးနွေးနိုင်သည့်အကြောင်းအရာများနှင့် ဆွေးနွေးနိုင်ခြေနည်းပါးသည့်အကြောင်းအရာနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများနှင့် ကျွမ်းကျင်သူများ၏ သုံးသပ်မှုများ ဖြစ်သည်။