
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း၌ ယနေ့ နိုဝင်ဘာလ ၁၉ ရက်၊ စတုတ္ထညတွင် ရန်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း တွေ့ရသည်။ . ပွဲတော်သို့ လာရောက်လည်ပတ်သူ များပြားပြီး လူကြပ်နေသည့်အတွက် တိုးတိုက်ရာမှ မကြာခဏ ခိုက်ရန်ဖြစ်ပွား နေခြင်း ဖြစ်ပြီး ခိုက်ရန် ဖြစ်ပွားသူများမှာ လူငယ်များ ဖြစ်သည်ကို တွေ့မြင်ရကာ ကမ္ဘောဇတိုင်းက ရုပ်သံမှတ်တမ်း ရယူနိုင်ခဲ့သော ရန်ပွဲ ၃ ပွဲထိ ရှိသည်ကိုလည်း တွေ့ရသည်။
“ လူ ကြပ်တာတော့ ကြပ်တာပေါ့။ ပွဲ လည်သူ အချင်းချင်း သည်းခံကြတာ ကောင်းပါတယ်၊ ရန်ဖြစ်လို့ တစ်ခုခု ထိခိုက်ရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။ ပွဲမှာ အတူတူ ပျော်ကြတာပေါ့၊ ရန် မဖြစ်ဘဲ အားလုံး ပျော်ရွှင်ကြစေချင်ပါတယ်။” ဟု ပွဲလည်သူ လူငယ် တစ်ဦးက ပြောသည်။
ထို့အပြင် ညဦးပိုင်း ၇ နာရီခွဲခန့်တွင် အေးသာယာမြို့နေ အမျိုးသမီး တစ်ဦး ပင်လယ်ဓါးပြ စီးနင်းရာမှ မတော်တဆမှု ဖြစ်ကာ ခါးတွင် ဒဏ်ရာ ရရှိခြင်း၊ တောင်ကြီးမြို့နေ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး အသက်ရှူကြပ်ခြင်းတို့ ဖြစ်ပေါ်ခဲ့၍ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသော ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ စတုတ္ထညအဖြစ် ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ စုစုပေါင်း ၉ လုံး လွှတ်တင်ယှဉ်ပြိုင်နေလျက် ရှိသည်။