Myanmar Transparency News

ပစ်ကပ်ယာဥ်တစ်စီး အရှိန်လွန်ကာ ခြောက်ဘီးယာဥ်ကို ဝင်တိုက်ရာမှ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ


၁၈.၁၁.၂၀၂၆
Written by KL


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း မိုင်တိုင် ၄၇/၆ တွင် ပစ်ကပ်မော်တော်ယာဥ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးတွင် ရပ်ထားသော ခြောက်ဘီးကုန်တင်ယာဥ်ကို ဝင်တိုက်သဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။


​မှော်ဘီမြို့ဘက်မှ တိုက်ကြီးမြို့ဘက်သို့ နိုဝင်ဘာ ၁၈ ရက် ည ၁၁ နာရီခန့်အချိန်က ယာဥ်မောင်းအပါအဝင် အမျိုးသားသုံးဦးလိုက်ပါလာသော MAZDA BONGO PICKUP အဖြူရောင် မော်တော်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် အမျိုးသားနှစ်ဦးလိုက်ပါလာသော MITSUBISHI CANTER အဖြူရောင် ခြောက်ဘီးကုန်တင်ယာဥ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဥ်တိုက်မှုကြောင့် ပစ်ကပ်ယာဥ်ပေါ်မှ အသက် ၃၅ နှစ်အရွယ် ဦးကျော်လင်းအောင်မှာ ရင်ဘတ်ပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာ၊ ညာလက်ဖျံပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေခဲ့ပြီး ပစ်ကပ်ယာဥ်ပေါ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတွင် နဖူးပေါက်ပြဲဒဏ်ရာ၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားတွင် ဘယ်ညာမျက်ခုံးပေါက်ပြဲဒဏ်ရာနှင့် အပေါ်နှုတ်ခမ်းပေါက်ဒဏ်ရာရရှိခဲ့ပြီး ခြောက်ဘီးယာဥ်ပေါ်မှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဘယ်နဖူးနှင့်ဘယ်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာနှင့်ဘယ်ဘက်တံတောင်ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။


ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပစ်ကပ်ယာဥ်၏ ခေါင်းခန်းထဲ၌ ညပ်နေသော ယာဥ်မောင်းကို လေးမိနစ်အကြာတွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူယာဥ်မောင်း အမျိုးသားကို နိဗ္ဗာန်ချမ်းသာမင်္ဂလာ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက နိဗ္ဗာန်ယာဉ်ဖြင့် လည်းကောင်း၊ဒဏ်ရာရသူ သုံးဦးကို မိုးစေတနာပရဟိတအသင်းမှ အသင်းဝင်များက သူနာတင်ယာဥ်ဖြင့် ​တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ကျော်လင်းအောင် အား တိုက်ကြီးမြို့မရဲစခန်းက ယာဉ်(ပ)၂၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News