Kanbawza Tai News

တန်ဆောင်တိုင် လေလံပြင်ပ ယာဉ်ရပ်နားခများ ဆက်လက်မြင့်တက်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားစခန်း လေလံရရှိထားသည့် လုပ်ငန်း ၄ ခုတွင် မပါဝင်သော ပြင်ပ ယာဉ်ရပ်နားစခန်းများတွင် ရပ်နားခများ ဆက်လက်မြင့်တက်နေလျက်ရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၉ ရက်၊ ညပိုင်းအချိန် စုံစမ်းမေးမြန်းချက်များအရ မီးပုံးပျံကွင်းအနီးရှိ လေလံနှင့် သက်ဆိုင်ခြင်း မရှိသည့် ယာဉ်ရပ်နားစခန်းများတွင် ဆိုင်ကယ်တစ်စီး လျှင် ၁ သောင်းကျပ်နှင့် ကားတစ်စီးလျှင် ၅ သောင်းအထိ ကောက်ခံနေကြောင်း သိရပြီး အချို့နေရာများတွင် သိန်းချီ ကောက်ခံမှုများလည်း ရှိနေသည်ဟု သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားစခန်း ၄ ခုအတွက် တောင်ကြီးမြို့နေ လုပ်ငန်းရှင် တစ်ဦးက ကျပ်သိန်း ၂၄၁၀ ဖြင့် လေလံအောင်မြင် ရရှိထားပြီး ယင်းရပ်နားစခန်း ၄ ခုမှာ မီးပုံးပျံလွှတ်တင်ကွင်း ကပ်လျက် ယာဉ်ရပ်နား စခန်း၊ တက္ကသိုလ်အုတ်တံတိုင်းဘေး ယာဉ်ရပ်နားစခန်း၊ သစ်တောာဂိတ် ရထားလမ်းဆုံမှ Royal Taunggyi Hotel အထိ ယာဉ်ရပ်နားစခန်းနှင့် ဧရာဝတီလမ်းဆုံ ယာဉ်ရပ်နားစန်းတို့ဖြစ်ကြောင်း သိရသည်။

“လေလံနေရာတွေကတော့ သတ်မှတ်နှုန်းထားအတိုင်းပဲ ကောက်ပါတယ်။ တခြားနေရာတွေက ထိန်းလို့မရဘူး။ ၅ သောင်း၊ ၁ သိန်းအထိ ကြားနေရတယ်။ အဲဒီလို ကောက်နေတော့ တရားဝင် လေလံအောင်တဲ့သူက နစ်နာရတယ်” ဟု လေလံအောင် လုပ်ငန်းရှင်က ပြောသည်။

အဝေရာမီးပုံးပျံကွင်းအနီးရှိ မြန်မာ့မီးရထားဝင်း အပါအဝင် အနီးဝန်းကျင် နေရာများတွင် သက်ဆိုင်ရာဌာနများ၊ ပြင်ပ ပုဂ္ဂိုလ်များက ယာဉ်ရပ်နားစခန်း ဖွင့်လှစ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

စုံစမ်းရရှိထားသည့် အချက်အလက်များအရ မီးရထားဝင်းအတွင်း ကားတစ်စီးလျှင် ၃ သောင်းကျပ်၊ ဆိုင်ကယ် တစ်စီးလျှင် ၁ သောင်းကျပ် ‌ကောက်ခံနေပြီး မီးပုံးပျံကွင်းအပေါ် တောင်ကုန်းဘက်ရှိ Keen Bar နောက်ကျောတွင် ကားတစ်စီးလျှင် ၅ သောင်းကျပ်နှင့် ဆိုင်ကယ်တစ်စီးလျှင် ၁ သောင်းကျပ် ကောက်ခံနေကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီက ယာဉ်ရပ်နားခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်နှင့် ကားတစ်စီးလျှင် တစ်တန်အောက် ၁၀၀၀၀ ကျပ်၊ တစ်တန်အထက် ကားကြီး ၂၀၀၀၀ ကျပ် ကောက်ခံရန် သတ်မှတ်ထားသော်လည်း လေလံအောင်မြင်ရရှိထားသူအပြင် အခြားနေရာများတွင် ယာဉ်ရပ်နားစန်းများ ဖွင့်လှစ်၍ နှုန်းထားအမျိုးမျိုး ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News