သက်တံ့
၁၉. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးခန်းတစ်ခုတွင် အလှအပဆိုင်ရာ ခွဲစိတ်မှုပြုလုပ်နေစဉ် သေဆုံးသွားခဲ့သည့် ထိုင်းအမျိုးသမီးရဲအရာရှိတစ်ဦး၏ မိသားစုဝင်များသည် အမှုစုံစမ်းစစ်ဆေးမှုမှာ သုံးလကျော်ကြာသည်အထိ တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးဟုဆိုကာ အဖြေမှန်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
သေဆုံးသူ ရဲအရာရှိ၏ သားသမီးများဖြစ်ကြသည့် ရတ်တနန် (Rattanan) နှင့် နာတီပါ (Natipa) တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) က Saimai Survive အဖွဲ့အစည်း တည်ထောင်သူ အက်ခါဖော့ လွမ်ပရာဆတ် (Ekkaphop Luangprasert) နှင့် တွေ့ဆုံကာ အဆိုပါအမှုကို ဆက်လက်လိုက်ပါဆောင်ရွက်ရာတွင် ကူညီပေးပါရန် တောင်းဆိုခဲ့ကြသည်။
ယာယီ ရဲဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ၎င်းတို့၏ မိခင်ဖြစ်သူသည် ဩဂုတ်လ ၁၁ ရက်နေ့က ဒွန်မောင်း (Don Mueang) နယ်မြေရှိ ဆေးခန်းတစ်ခုသို့ အလှအပဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း မောင်နှမနှစ်ဦးက ပြောကြားသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ကယ်ဆယ်ရေးဝန်ထမ်းများက မိသားစုထံ ဆက်သွယ်လာပြီး မိခင်ဖြစ်သူမှာ သတိလစ်မေ့မြောသွားကာ အသက်မရှူတော့သည်မှာ မိနစ် ၃၀ ကျော်နေပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ နှလုံးနှင့် အသက်ရှူလမ်းကြောင်း ပြန်လည်လည်ပတ်စေရန် ရှေးဦးသူနာပြုစုနည်း (CPR) ဖြင့် ကြိုးပမ်းခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ပေ။

အမျိုးသမီးရဲအရာရှိသည် ဆေးရုံသို့ မရောက်မီကတည်းက သေဆုံးနေပြီဖြစ်ကြောင်း ဆရာဝန်များက နောက်ပိုင်းတွင် အတည်ပြုခဲ့ပြီး၊ သေဆုံးရသည့် အကြောင်းရင်းမှာ သွေးလည်ပတ်မှုနှင့် အသက်ရှူလမ်းကြောင်း ရပ်တန့်သွားခြင်း (Circulatory and respiratory failure) ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
မိသားစုအနေဖြင့် ရှင်းလင်းချက်ရယူရန် ဆေးခန်းသို့ ဆက်သွယ်ခဲ့သော်လည်း တိကျသည့် အဖြေမရရှိခဲ့ကြောင်း ဆိုသည်။ မောင်နှမနှစ်ဦး၏ ပြောကြားချက်အရ ရဲစခန်းတွင် တွေ့ဆုံရန် ချိန်းဆိုထားသည့် အစည်းအဝေး နှစ်ကြိမ်ကို ဆေးခန်းဘက်က ရွှေ့ဆိုင်းခဲ့သဖြင့် သုံးလကျော်ကြာသည်အထိ မည်သည့်ရှင်းလင်းချက်မှ မရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆေးခန်းဘက်က တောင်းပန်ခြင်း သို့မဟုတ် ဖြစ်စဉ်အပေါ် တာဝန်ယူခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း ၎င်းတို့က မကျေမနပ် ပြောဆိုခဲ့ကြသည်။
ခွဲစိတ်မှုပြုလုပ်သည့်နေ့က မှတ်တမ်းတင်ထားသည့် CCTV ဗီဒီယိုဖိုင်များကို ဆေးခန်းထံ တောင်းခံခဲ့သော်လည်း ထိုအချိန်က လုံခြုံရေးကင်မရာများ အလုပ်မလုပ်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု မောင်နှမနှစ်ဦးက ဆိုသည်။
ထို့အပြင် အမှုကို ကိုင်တွယ်နေသည့် ရဲအရာရှိများက အခြားသက်သေအထောက်အထားများကို တိုက်ရိုက်ထုတ်ဖော်ပြသ၍ မရဟုဆိုကာ ငြင်းဆိုခဲ့သည့်အတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအပေါ်တွင်လည်း စိုးရိမ်ပူပန်မိကြောင်း ၎င်းတို့က ပြောကြားသည်။ မိသားစုအနေဖြင့် ရှေ့နေမှတစ်ဆင့် တရားဝင် တောင်းဆိုစာ တင်ပြရန် ညွှန်ကြားခံခဲ့ရသည်။ ယခုကဲ့သို့ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် စုံစမ်းစစ်ဆေးမှုကို တရားမျှတစွာ ကိုင်တွယ်ဆောင်ရွက်ခြင်း ရှိ၊ မရှိ စိုးရိမ်မိကြောင်း မောင်နှမနှစ်ဦးက ပြောသည်။

မိခင်ဖြစ်သူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ရောဂါအခံနှင့် ဆေးမတည့်သည့် ရာဇဝင်များ လုံးဝမရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားသည်။ ထို့ပြင် သူမသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် မိဘများကို ပြုစုစောင့်ရှောက်ရန်အတွက် ချင်းမိုင်မြို့တွင် အငြိမ်းစားယူ နေထိုင်ရန်ပင် စီစဉ်ထားသူဖြစ်သည်။
Saimai Survive အဖွဲ့တည်ထောင်သူ အက်ခါဖော့က အမှုစုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေအနေကို မေးမြန်းရန်အတွက် မြို့တော်ရဲတပ်ဖွဲ့ တပ်မဟာ (၂) တပ်မှူး သနွန်ဆက် မနီချော့ (Thanongsak Maneechot) ထံ ဆက်သွယ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် အဆိုပါဆေးခန်း၏ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်၊ ခွဲစိတ်ခန်း အသုံးအဆောင်ပစ္စည်းများနှင့် အရေးပေါ်ကယ်ဆယ်ရေး ကိရိယာများကို စစ်ဆေးရန် စစ်ဆေးရေးမှူးများ စေလွှတ်ပေးဖို့ ကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးရေးဦးစီးဌာန (Department of Health Service Support) ထံ တောင်းဆိုသွားရန်လည်း စီစဉ်ထားသည်။ ခွဲစိတ်မှုပြုလုပ်ခဲ့သည့် ဆရာဝန်တွင် လိုအပ်သည့် ဆေးကုသခွင့်လိုင်စင် ရှိ၊ မရှိနှင့် သင့်လျော်မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း စိစစ်ပေးရန် အဆိုပါဌာနထံ တောင်းဆိုသွားမည် ဖြစ်သည်။
Ref: The Thaiger