NP News

AI နည်းပညာသုံးပြီး စာခိုးချမှုဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားတက္ကသိုလ်တွေမှာ ဝင်ခွင့်စာမေးပွဲဖြေဆိုသူတွေရဲ့မျက်မှန်တွေကို စစ်ဆေးသွားမည်

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉

တောင်ကိုရီးယားနိုင်ငံမှာ AI နည်းပညာကိုအသုံးပြုပြီး စာမေးပွဲမှာ စာခိုးချမှုဖြစ်ပွားခဲ့တဲ့အတွက် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေရဲ့မျက်မှန်အားလုံးကို စစ်ဆေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုလိုဆောင်ရွက်တာဟာ နိုင်ငံအတွင်း အရေးကြီးဆုံးစာမေးပွဲတွေထဲက တစ်ခုဖြစ်တဲ့တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရဲ့ မျှတမှုနဲ့ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတောင်ကိုရီးယား ပညာရေးဝန်ကြီး ချွဲကျိုဂျင်က နိုဝင်ဘာ (၁၆) ရက်နေ့ ပါလီမန်ကြားနာပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (CSAT) ဖြေဆိုမယ့် ကျောင်းသားတွေရဲ့မျက်မှန်အားလုံးကို စာမေးပွဲဖြေဆိုချိန်တိုင်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
အထူးသဖြင့် ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာနဲ့ အသံဖမ်းတာတွေ လုပ်ဆောင်နိုင်တဲ့ Smart Glasses တွေကို အသုံးပြုပြီး စာမေးပွဲခိုးချနိုင်တာကြောင့် အခုလိုတင်းကျပ်တဲ့စစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ အဲဒီ Smart Glasses တွေကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စာမေးပွဲခန်းအတွင်း ယူဆောင်ခွင့်မပြုတဲ့ ပစ္စည်းစာရင်းထဲ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် စာမေးပွဲခန်းတိုင်းရဲ့အပြင်ဘက်မှာလည်း ခိုးချမှုတွေ့ရှိပါက စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရနိုင်သလို ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်တွေလည်း ချမှတ်ခံရနိုင်ကြောင်း သတိပေးစာတွေ ကပ်ထားမယ်လို့ သိရပါတယ်။
AI အသုံးပြု စာခိုးချမှုအတွက် ရေဒီယိုလှိုင်းဖမ်းယူစစ်ဆေးတဲ့ကိရိယာတွေ အသုံးပြုနိုင်ရေးကိုလည်း ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေပြီး ၂၀၂၇ ခုနှစ် စာမေးပွဲမှာ စတင်အသုံးပြုဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ စာမေးပွဲအတွင်းမှာ Smart Device တွေ ဝတ်ဆင်တာ၊ အသုံးပြုတာတွေ့ရှိခဲ့ရင် အဲဒီနှစ်ရဲ့ စာမေးပွဲရလဒ်ကို ပယ်ဖျက်မှာဖြစ်ပြီး နောက်တစ်နှစ် စာမေးပွဲပြန်ဖြေခွင့်ကိုလည်း ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
လက်ရှိ တစ်နှစ်ပိတ်ပင်တဲ့ ပြစ်ဒဏ်ကို သုံးနှစ်ကနေ (၁၀) နှစ်အထိ တိုးမြှင့်နိုင်ဖို့ ပါလီမန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။
အခုလို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်လာတာဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အခွန်စာရင်းကိုင် စာမေးပွဲ ခိုးချမှုဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် အခွန်စာရင်းကိုင်စာမေးပွဲမှာ ပထမနေရာရရှိခဲ့သူက စာမေးပွဲမေးခွန်းတွေကို Micro Camera အသေးစားကင်မရာနဲ့ ဓာတ်ပုံရိုက်ယူခဲ့ပြီး AI နည်းပညာအသုံးပြုတဲ့ Tool တစ်ခုဆီ ပေးပို့ကာ ရရှိလာတဲ့ အဖြေတွေကို စမတ်ဖုန်းနဲ့ ပြန်လည်ကြည့်ရှုကာ ဖြေဆိုခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ စာမေးပွဲစနစ်အပေါ် လူထုယုံကြည်မှု ထိခိုက်ခဲ့သလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ တောင်ကိုရီးယား ဝန်ကြီးချုပ် ဟန်ဆောင်းဆွတ် ကလည်း နိုဝင်ဘာ ၁၆ ရက်နေ့မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လုံခြုံစိတ်ချရမှုရှိစေဖို့ အရေးပေါ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့ပြီး AI နည်းပညာအခြေပြု ခိုးချမှုရှာဖွေရေးစနစ်တွေ တီထွင်ဖို့နဲ့ ပြစ်ဒဏ်တွေ ပိုမိုတင်းကျပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မူရင်းသတင်း — NP News