
ပဲခူး ၊ နိုဝင်ဘာ ၁၈
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပဲခူးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများ ပညာရေးထူးချွန်ထက်မြက်ပြီး လိမ္မာယဉ်ကျေးသော လူတော်လူကောင်းများ ဖြစ်လာကြစေရန် ရည်ရွယ်ကျင်းပသည့် (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြု ကလေးအထူးတရားပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်နှင့် ဟိတဓရဖောင်ဒေးရှင်း၏ ပဓာနနာယက၊ ဆရာတော်ထံမှ (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ တရားတော်များကို နာယူကြည်ညိုကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းလျှောက်ထားရာ ဆရာတော်က ပြန်လည် ရှင်းလင်းဖြေကြားပေးတော်မူသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌက ဓမ္မပူဇာနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် အလှူရှင်များက ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
အဆိုပါ (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြု ကလေးအထူးတရားပွဲကို မွန်းလွဲပိုင်းတွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost