ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
BBC၊ IKEA၊ Air France နဲ့ HSBC UAE ဘဏ်တို့ အပါအဝင် နာမည်ကြီး ဝက်ဘ်ဆိုက် (၂၀၀) နီးပါးဟာ ငွေကြေးဆိုင်ရာအချက်အလက်တွေ ခိုးယူဖို့နဲ့ Apple စက်ပစ္စည်းတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ဝက်ဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Optimizely ဆိုတဲ့ Third-party Digital Platform ရဲ့ လုံခြုံရေးအားနည်းချက်ကို အသုံးချပြီး ဖြစ်ပွားခဲ့တာပါ။ ဟက်ကာတွေဟာ အဲဒီပလက်ဖောင်းကတစ်ဆင့် ဝက်ဘ်ဆိုက် (၁၇၈) ခုမှာ အန္တရာယ်ရှိတဲ့ JavaScript Code တွေ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီကုဒ်တွေဟာ ဝက်ဘ်ဆိုက်အသုံးပြုသူတွေရဲ့ Credit Card အချက်အလက်တွေ၊ Cryptocurrency တွေကို ခိုးယူဖို့အပြင် Apple ဖုန်းနဲ့ တက်ဘလက်တွေကိုပါ ထပ်မံတိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ပထမဆုံးဖော်ထုတ်ခဲ့တဲ့ Cybersecurity သုတေသီ စကော့ဟဲမီ ရဲ့ ပြောကြားချက်အရ ဟက်ကာတွေရဲ့ Cryptocurrency Wallet တွေထဲကို (၉) နာရီအကြာ အချိန်အတွင်း အမေရိကန်ဒေါ်လာ (၇,၀၄၀) ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ ဝက်ဘ်ဆိုက်တွေထဲမှာ BBC၊ CNN၊ Zoom၊ Salesforce၊ GitLab၊ IKEA၊ Air France-KLM၊ HSBC UAE နဲ့ Ledger တို့လည်း ပါဝင်ပါတယ်။ Optimizely ကုမ္ပဏီကလည်း လုံခြုံရေးတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကို အတည်ပြုခဲ့ပြီး အားနည်းချက်ကိုပြင်ဆင်ကာ အန္တရာယ်ရှိတဲ့ Code တွေကို ဖယ်ရှားခဲ့ကြောင်းနဲ့ ထိခိုက်ခဲ့တဲ့ သုံးစွဲသူတွေကိုလည်း အသိပေးထားကြောင်း ပြောပါတယ်။ လက်ရှိမှာတော့ အန္တရာယ်ရှိတဲ့ Code အများစုကို ဖယ်ရှားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ဟက်ကာတွေက ဝက်ဘ်ဆိုက်တစ်ခုချင်းစီရဲ့ စနစ်တွေကို တိုက်ရိုက်ဖောက်ထွင်းတာမဟုတ်ဘဲ ဝက်ဘ်ဆိုက်အများအပြား အသုံးပြုနေတဲ့ ပြင်ပဝန်ဆောင်မှုတစ်ခုကို ဖောက်ထွင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။