
ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
ဟောင်ကောင်ရှိ အများပြည်သူသွားလာတဲ့ နေရာတွေမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ ကွန်ရက်တွေကို AI နည်းပညာသုံး မျက်နှာမှတ်သားစနစ် (Facial Recognition) ထည့်သွင်းပြီး နိုဝင်ဘာ (၁၆) ရက်နေ့ကစ အသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။
SmartView လို့ အမည်ပေးထားတဲ့ အဲဒီစနစ်ဟာ လူတွေရဲ့ မျက်နှာကို မှတ်သားနိုင်သလို မော်တော်ယာဉ်နံပါတ်ပြားတွေကို ဖတ်ရှုတာ၊ သံသယရှိသူတွေကို ခြေရာခံရှာဖွေတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့အဆိုအရ ၂၀၂၄ ခုနှစ်ကစတင်ခဲ့တဲ့ အဲဒီစီမံကိန်းမှာ လက်ရှိ CCTV ကင်မရာ (၅,၀၀၀) ခန့် တပ်ဆင်ထားပြီး အမှုအခင်း (၂,၂၀၀) နီးပါးကို ဖော်ထုတ်နိုင်ခဲ့သလို သံသယရှိသူ (၂,၈၀၀) ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၈ ခုနှစ်မှာတော့ ကင်မရာအရေအတွက်ကို (၆၀,၀၀၀) အထိ တိုးမြှင့်သွားဖို့ စီစဉ်ထားပါတယ်။ ဟောင်ကောင်မှာ SmartView လို့အမည်ပေးထားတဲ့ CCTV စောင့်ကြည့်ရေးစီမံကိန်းကို ၂၀၂၄ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။
အခုအခါမှာတော့ အဲဒီ CCTV ကွန်ရက်တွေမှာ AI နည်းပညာသုံး မျက်နှာမှတ်သားစနစ်ကိုပါ ထပ်မံထည့်သွင်းအသုံးပြုလာတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီစနစ်ဟာ ရာဇဝတ်မှုတွေကို ကာကွယ်ဖို့နဲ့ အများပြည်သူလုံခြုံရေးအတွက် အသုံးဝင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ AI နည်းပညာနဲ့ လူတွေကို အမြဲတမ်းစောင့်ကြည့်နိုင်တာကြောင့် ကိုယ်ရေးကိုယ်တာလုံခြုံမှု ထိခိုက်လာနိုင်မှာကို ပြည်သူတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
အထူးသဖြင့် မျက်နှာမှတ်သားမှု မှားယွင်းခဲ့ရင် အပြစ်မရှိသူတွေကို သံသယရှိသူအဖြစ် မှားယွင်းသတ်မှတ်မိနိုင်တဲ့အန္တရာယ်လည်း ရှိနေတာကြောင့် AI နည်းပညာကို အသုံးပြုတာဟာ အကျိုးရှိနိုင်ပေမဲ့ ပြည်သူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ လူ့အခွင့်အရေးကိုလည်း ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
