Myanmar Digital News

ပန်းတောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်လျက်ရှိ

ပဲခူး နိုဝင်ဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် တောင်ပို့ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးတောင်သူများကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ သွားရောက်တွေ့ဆုံဆွေးနွေးပြီး ဆိတ်မွေးမြူရေးအပြင် ဒေသဝက်၊ ဒေသကြက် နှင့်ဒေသနွားတိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ကြည့်ရှုအားပေး

ထို့အတူ ပန်းတောင်းမြို့နယ် ဘုရားပေါ်ကျေးရွာ၌ မိုးနှမ်းရိတ်သိမ်းပြီး ဒုတိယသီးနှံ ပဲစင်းငုံ သီးညှပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ သရက်လိန် ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစံပြကွက်ဧက ၁၀၀ စုပေါင်းရိတ်သိမ်းနေမှု၊ ကရင်စုကျေးရွာ၌ ဆီထွက်သီးနှံပဲပုပ် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုနှင့် မတ်ပဲ အတန်းလိုက်အစေ့ချ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

 

ထိုသို့သွားရောက်စဉ် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စက်ကိရိယာ အသုံးပြုစိုက်ပျိုးခြင်းသည် လုပ်သားရှားပါးခြင်းကို ဖြေရှင်းပေးနိုင်ခြင်း၊ တစ်ဧက မျိုးစေ့စရိတ်သက်သာခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်း၊ အပင်၊ အရွက်၊ အသီး၊ အပွင့်များအတွက် သွင်းအားစုကို အကျိုးရှိစွာသုံးစွဲ နိုင်ခြင်း၊ အထွက်နှုန်းတိုးတက်ခြင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ရရှိနိုင်မည်ဖြစ်သည့်အတွက် စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ပြောင်းလဲနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဒေသခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News