Myanmar Digital News

ရှမ်းပြည်နယ်၌ ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရ ခရီးစဉ်ဒေသခြောက်ခု ဖွင့်လှစ်ထားရှိ

နေပြည်တော် နိုဝင်ဘာ ၁၈

 

ရှမ်းပြည်နယ်တွင် ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရခရီးသွား ဆွဲဆောင်ရာ ခရီးစဉ်ဒေသခြောက်ခုကို ဖွင့်လှစ်ထားရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

 

တောင်ကြီးမြို့ရှိ စူဠာမုနိစေတီတော်၊ ရွှေဘုန်းပွင့်ဘုရား၊ မွေတော်ကက္ကူ ဘုရား၊ နောင်ဘိုကြာကန်၊ အေးသာယာ ဂေါက်ကွင်း၊ အေးသာယာဝိုင်ခြံနှင့် ဟိုပုံး ထမ်းဆန်းဂူတို့ကို လည်းကောင်း၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်၊ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်၊ Red Mountain ဝိုင်ခြံနှင့် ရွှေရန်ပြေအတုမရှိရွှေကျောင်း တို့ကိုလည်းကောင်း၊ အင်းလေးကန် ဒေသရှိ ဖောင်တော်ဦးဘုရား၊ ရွှေအင်းတိန်၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်ချောင်းဘုန်းကြီးကျောင်း၊ မိုင်းသောက် တံတား၊ အင်းလယ်ဘိုတဲနှင့် ရွာမရေပေါ် ဈေးတို့ကိုလည်းကောင်း၊ ပင်းတယမြို့ရှိ ရွှေဥမင်ဘုရား၊ ပုန်းတလုတ်ကန်နှင့် ကုံလုံ သာသနာ့နယ်မြေတို့ကိုလည်းကောင်း၊ ကလောမြို့ရှိ မြို့မဈေး၊ နာရီစင်၊ မောမြေဦးပန်းခြံ၊ ကလောဘူတာ၊ နှီးဘုရား၊ City Point၊ ဗျိုက်တောင်နှင့် ဘဝသံသရာ တံတားတို့ကိုလည်းကောင်း၊ ရွာငံမြို့ရှိ မြသပိတ်ရေပြာအိုင်၊ မိန်းမရဲသခင်မတောင်နှင့် ဂဏန်းကျရေတံခွန်တို့ကို လည်းကောင်း ခရီးစဉ်ဒေသများအဖြစ် ဖွင့်လှစ်ထားသည်။

 

“ရှမ်းပြည်နယ် ကလောနဲ့ အင်းလေးဒေသကို နိုင်ငံခြားသားတွေ အဓိက လည်ပတ်လေ့လာကြတယ်။ ရိုးရာ ယဉ်ကျေးမှုနဲ့ လက်မှုပစ္စည်းထုတ်လုပ်တဲ့ ကြာရက်ကန်း၊ ပန်းထိမ်လုပ်ငန်း၊ ရှမ်းစက္ကူထုတ်လုပ်တဲ့ လုပ်ငန်း၊ ရိုးရာ အဝတ်အထည်ထု တ်လုပ်တဲ့ လုပ်ငန်းနဲ့ ဒေသအစားအစာ လုပ်ငန်းတွေကို အထူး စိတ်ဝင်စားကြပါတယ်။ ရှမ်းပြည်နယ်ဟာ အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ ရာသီဥတုရှိတဲ့အပြင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒေသထွက် ကုန်မျိုးစုံ ထွက်ရှိတာကြောင့် ပြည်တွင်း/ ပြည်ပခရီးသွားတွေ စိတ်အေးချမ်းစွာ အပန်းဖြေ လာရောက်လည်ပတ်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွား ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒေါက်တာ သန်းဇော်က ပြောသည်။

 

ရှမ်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းခရီးသွား ၈၈၈၆၆၂ ဦး၊ ပြည်ပခရီးသွား ၄၈၄၈၂ ဦး ဖြင့် စုစုပေါင်း ၉၃၇၁၄၄ ဦး ဝင်ရောက် မှုရှိကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းခရီး သွား ၁၀၁၀၄၉၆ ဦး၊ ပြည်ပခရီးသွား ၄၆၉၂၁ ဦးဖြင့် စုစုပေါင်း ၁၀၅၇၄၁၇ ဦး ဝင်ရောက်မှုရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်လည်ပတ်နိုင်ရန် ခရီးစဉ် ခြောက်ခုအပြင် Community Based Tourism – CBT လုပ်ငန်းများဖြစ်သည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

 

၂၀၁၆ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ ကျောက်တလုံးမြို့နယ်၊ ညောင်ရွှေ မြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ထီနဲ(ပအိုဝ်း) ကျေးရွာ၊ အင်းနီ(ပအိုဝ်း)ကျေးရွာ၊ လွယ်ခေါ်(ပအိုဝ်း)ကျေးရွာ၊ ဆီးကျအင်း(ဓနု)ကျေးရွာ၊ ပင်စိမ်းပင် (ဓနု)ကျေးရွာ၊ လွယ်ပန်းစုံကျေးရွာ၊ လွယ်နွှဲ့ကျေးရွာ၊ စံကား(အင်း၊ရှမ်း)ကျေးရွာ၊ ကျောက်တော(ဓနု)ကျေးရွာ၊ ဟိုကျင်း(အာခါ)ကျေးရွာ၊ ဟွေယုန်း (အာခါ)ကျေးရွာ၊ ထီဝါးမူး (လီဆူ)ကျေးရွာ၊ ရေယောင်းမ(ဓနု)ကျေးရွာ၊ ကျောက်တလုံး(ပလောင်) ကျေးရွာ၊ ပင်းဆိုင်း(ဝ) ကျေးရွာ၊ ပန်ကူ(လားဟူ)ကျေးရွာ၊ ဟိုယန်း(လွယ်)ကျေးရွာ၊ ကျောက္ကချား(ပအိုဝ်း) ကျေးရွာတို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆာကျေးရွာတွင်လည်း လူထုအခြေပြုလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သစ္စာ(MNA)

မူရင်းသတင်း — Myanmar Digital News