Myanmar Digital News

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲ(တတိယည) ပွဲတော်လာပရိတ်သတ်များဖြင့် စည်ကား

တောင်ကြီး နိုဝင်ဘာ ၁၉

 

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ပွဲတော်များကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများစုပေါင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက စတင်ကာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၁၃၈၈)ခု၊ ၂၀၂၆ ခုနှစ် တောင်ကြီးမြို့၏ အထင်ကရ တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်ပွဲအား နိုဝင်ဘာ ၁၆ ရက်မှ စတင်ကျင်းပလာခဲ့ရာ အဆိုပါပြိုင်ပွဲ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ လွှတ်တင်ပြိုင်ပွဲ(တတိယည)ကို နိုဝင်ဘာ ၁၈ ရက် ညပိုင်းက အဝေရာမီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးပုံးပျံပြိုင်ပွဲ တတိယည၌ တောင်ကြီးမြို့နယ်၊ ရပ်ကွက်အသီးသီးနှင့် ပတ်ဝန်းကျင်‌‌ဒေသများ၊ ကုမ္ပဏီများမှ မီးပုံးပျံဝါသနာရှင်များ၊ မီးပုံးပျံအဖွဲ့ဝင်များက အိုးစည်ဗုံမောင်းများ တီးမှုတ်ကခုန်၍ ညမီးကြီး (၂၅)ပေ အမျိုးအစား(၆)လုံးနှင့် စိန်နားပန်အလှမီးပုံးပျံ (၄)လုံး စုစုပေါင်းမီးပုံးပျံ (၁၀)လုံးကို ရှေးရိုးရာအစဉ်လာမပျက် စနစ်တကျ တပျော်တပါး စုပေါင်းလွှတ်တင်ယှဉ်ပြိုင်ခဲ့ကြပြီး အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာပြည်သူများသာမက ကမ္ဘာလှည့်ခရီးသွားဧည့်သည်များပါ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်းနှင့် ပွဲဈေးဆိုင်ခန်းများ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေတင်ဆက်သည့် နေရာများ၊ ပျော်ပွဲရွှင်ပွဲနေရာများတွင် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

 

၁၃၈၈ ခု၊ ၂၀၂၆ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲအား နိုဝင်ဘာ ၁၆ ရက်က စတင်ကျင်းပခဲ့ကာ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ

မူရင်းသတင်း — Myanmar Digital News