Myanmar Digital News

ညီနိုင်၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ ဒဂုံစတားယူနိုက်တက် ဂိုးပြတ်အနိုင်ရ

ရန်ကုန် နိုဝင်ဘာ ၁၈

 

M League 2026 U-20 အမှတ်ပေးဘောလုံးပြိုင်ပွဲအပတ်စဉ် (၂၅) ပထမနေ့ပွဲစဉ်ကို ယနေ့ညနေပိုင်းက သီဟဒီပကွင်း၌ယှဉ်ပြိုင်ခဲ့ရာ ဒဂုံစတားယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ခုနစ်ဂိုး-ဂိုး မရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

 

ယနေ့ပွဲစဉ်သည် အဆင့် (၁၂) နေရာမှ စစ်ကိုင်းယူနိုက်တက်နှင့် အဆင့်(၃)နေရာမှ ဒဂုံစတား ယူနိုက်တက်အသင်းတို့ တွေ့ဆုံမှုဖြစ်ပြီး ဒဂုံစတားအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ဒဂုံစတားအသင်းအတွက် အနိုင်ဂိုးများကို ၄ မိနစ်၊ ၆၅ မိနစ်နှင့် ၆၆ မိနစ်တို့တွင် ညီနိုင်က ဟက်ထရစ်သွင်းယူခဲ့ပြီး ၄၄ မိနစ်တွင် အောင်ခန့်ကျော်၊ ၇၁ မိနစ်နှင့် ၇၃ မိနစ်တွင် သျှားကိုကိုနှင့် ၇၉ မိနစ်တွင် ရှိုင်းလင်းအောင်(OG) တို့က သွင်းယူပေးခဲ့သည်။ အဆိုပါပွဲစဉ် ၏ AYA Pay ပွဲစဉ်အကောင်းဆုံး ကစားသမားဆုကို ဒဂုံစတားအသင်းမှ တိုက်စစ်မှူး ညီနိုင်က ရရှိခဲ့သည်။

 

ဒဂုံစတားအသင်းသည် ယခုအနိုင်ပွဲကြောင့် ရမှတ် ၅၅ မှတ်ရရှိကာ ထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်ကို သုံးမှတ်၊ အဆင့်(၂)နေရာ မှ ISPE ကို တစ်မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့ပြီး လက်ကျန်ပွဲများအပေါ်မူတည်၍ ချန်ပီယံဆုအတွက် အဓိကစိန်ခေါ်သူအဖြစ် ဆက်လက်ရပ်တည်နေသည်။

 

အပတ်စဉ် (၂၅) ဒုတိယနေ့ ပွဲစဉ်များကို နိုဝင်ဘာ ၂၀ ရက်တွင် ဗဟန်းကွင်း၌ ဧရာဝတီယူနိုက်တက်နှင့် FALCON FC ၊ သီဟဒီပကွင်း၌ မြဝတီနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

နေမျိုး၊ ဓာတ်ပုံ-ML

မူရင်းသတင်း — Myanmar Digital News