
(မှုခင်း) နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် TOYOTA HILUX မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၀၈,၀၀၀ ပြားနှင့် ဘိန်းဖြူ ၁.၄ ကီလိုကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ ၃ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် ကွန်ဟိန်းမှ မြဝတီဘက်သို့ ချန်းဟူ (ခ) အူးဖု မောင်းနှင်ပြီး မမိုင် လိုက်ပါလာသည့် TOYOTA HILUX ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၀၈,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ကျပ်သိန်း ၃,၁၂၀၊ ဘိန်းဖြူ ၁.၄ ကီလို၊ တန်ဖိုး ကျပ်သိန်း ၅၆၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်မှုအရ နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပါဝင်ပတ်သက်သူ ချောက်ကွမ် (ခ) ဂွံမ်ချောင် နေထိုင်သည့် ခိုလမ်မြို့၊ (၂၆) မိုင်ကျေးရွာရှိ နေအိမ်မှ TOYOTA HILUX ယာဉ်တစ်စီးနှင့် SURF ယာဉ်တစ်စီးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် ချောက်ကွမ် (ခ) ဂွံမ်ချောင်ကို မိုင်းယောင်းမြို့အနီး၌ TOYOTA HILUX REVO ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ချန်းဟူ (ခ) အူးဖု (၃၈) နှစ်၊ မမိုင် (၄၇) နှစ်နှင့် ချောက်ကွမ် (ခ) ဂွံမ်ချောင် (၃၀) နှစ်တို့ကို ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။