
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကျပ်သိန်းပေါင်း ၃၆၈၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးစဉ် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့မှ ကရင်ပြည်နယ် မြဝတီမြို့ဘက်သို့ ချန်ဟူ (ခ) အူးဖုဆိုသူမောင်းနှင်ပြီး မမိုင်ဆိုသူ လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၂၀၈,၀၀၀ (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၃,၁၂၀) ၊ ဘိန်းဖြူအလေးချိန် ၁ ဒသမ ၄ ကီလို (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၅၆၀) နှင့် လက်ကိုင်ဖုန်း နှစ်လုံးကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ချန်ဟူ (ခ) အူးဖုနှင့် မမိုင်ဆိုသူတို့၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ချောက်ကွမ် (ခ) ဂွမ်ချောင်ဆိုသူနေထိုင်ရာ ခိုလမ်မြို့ ၂၆ မိုင်ကျေးရွာအနီးအိမ်မှ TOYOTA HILUX အမျိုးအစားယာဉ်တစ်စီးနှင့် TOYOTA SURF အမျိုးအစားယာဉ်တစ်စီးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ချောက်ကွမ် (ခ) ဂွမ်ချောင်ဆိုသူအား မိုင်းယောင်းမြို့အနီးတွင် TOYOTA HILUX REVO အမျိုးအစား ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထိုသို့ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူများဖြစ်ကြသည့် ချန်ဟူ (ခ) အူးဖု (၃၈ နှစ်)၊ မမိုင် (၄၇ နှစ်) နှင့် ချောက်ကွမ် (ခ) ဂွမ်ချောင် (၃၀ နှစ်) တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
■ Photo Credit – CCDAC Myanmar
#elevennews #ဝေါမြို့နယ် #ရန်ကုန်-မော်လမြိုင်ကားလမ်း #မူးယစ်ဆေးဝါးများဖမ်းဆီးရမိ