၁၉.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယန်ဂန့်ဂျ်မြို့၏ သီးခြားနေရာနှစ်ခုတွင် မသမာသူလူဆိုးများက ခရီးသည်တင် ဘတ်စ်ကားတစ်စီးနှင့် ကောက်ရိုးများ တင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးကို နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ဤမီးရှို့ဖျက်ဆီးမှုဖြစ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူ မရှိကြောင်းကိုမူ သိရသည်။
မီးရှို့မှုများက ဒက်ကာ-စစ်တကောင်း အဝေးပြေးလမ်းမကြီးပေါ်ရှိ ကန်ချ့်ပူရ် တံတားအနီးနှင့် အာရှ အဝေးပြေးလမ်းမကြီးပေါ်ရှိ မီရာတက်ခ် (Mirertek) ဈေးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ နံနက် ၉ နာရီခွဲခန့်တွင် ကန်ချ့်ပူရ် တံတားအနီး၊ ဒက်ကာမြို့ဘက်သို့ ဦးတည်မောင်းနှင်နေသော လမ်းကြောပေါ်၌ Tisha Paribahan ကုမ္ပဏီ၏ ခရီးသည်တင် ဘတ်စ်ကားတစ်စီး မီးရှို့ခံခဲ့ရသည်။ မီးစတင်လောင်ကျွမ်းချိန်တွင် ခရီးသည်များအားလုံး ဘတ်စ်ကားပေါ်မှ အချိန်မီ ဆင်းနိုင်ခဲ့ကြသော်လည်း ဘတ်စ်ကားမှာမူ ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။
ကန်ချ့်ပူရ် အဝေးပြေးလမ်းမကြီး ရဲစခန်းမှ တာဝန်ခံအရာရှိ ဂျယ်ဝယ်လ် မီယာက ပျက်စီးသွားသော ဘတ်စ်ကားကို ကယ်ဆယ်ရေးယာဉ်တစ်စီး အသုံးပြု၍ နေရာမှ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤဖြစ်ရပ်ကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
အခြားဖြစ်ရပ်တစ်ခုအနေဖြင့် နိုဝင်ဘာလ ၁၉ ရက် နံနက်အစောပိုင်းက မီရာတက်ခ်ဈေးအနီး ရပ်ထားသည့် ကောက်ရိုးတင် ကုန်တင်ကားတစ်စီးလည်း မီးရှို့ခံခဲ့ရသည်။
ဒီနာ့ဂျ်ပူရ်မြို့မှ ကောက်ရိုးများ သယ်ဆောင်လာသည့် အဆိုပါကုန်တင်ကားသည် နံနက် ၃ နာရီခွဲခန့်တွင် မီရာတက်ခ်ဈေးရှိ Jame ဗလီရှေ့၌ ရပ်နားထားခဲ့သည်။ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် ကုန်ပစ္စည်းများ ချရန်စောင့်ဆိုင်းနေစဉ် လမ်းဘေးတွင် ကားရပ်ထားပြီး ကားအတွင်း၌ အိပ်ပျော်နေခဲ့ကြသည်။
နံနက် ၅ နာရီခွဲခန့်တွင် ဖြတ်သန်းသွားလာနေသည့် အမျိုးသမီးတစ်ဦးက မီးလောင်နေသည်ကို မြင်တွေ့ပြီး ယာဉ်မောင်းအား သတိပေးနှိုးဆော်ခဲ့သည်။ ယာဉ်မောင်းသည် မီးလောင်နေသော ကောက်ရိုးများကို လမ်းဘေးရှိ ရေထဲသို့ ပစ်ချကာ မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သည်။
သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များက နေရာသို့ ရောက်ရှိလာပြီး မီးသတ်တပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ မီးသတ်တပ်ဖွဲ့သည် နံနက် ၇ နာရီခွဲခန့်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုအချိန်တွင် ကုန်တင်ကားပေါ်ရှိ ကောက်ရိုးများအားလုံး မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်သည်။
Taltala ရဲကင်းစခန်း တာဝန်ခံ ဂျတ်စမင် အုဒင်က ကုန်တင်ကားပေါ်ပါ ကုန်ပစ္စည်းများ မီးလောင်ပျက်စီးသွားသော်လည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာမူ ဘေးကင်းလုံခြုံကြောင်း ပြောကြားခဲ့သည်။
ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
Ref: Dhaka Tribune