Myanmar Transparency News

အမြန်လမ်းတွင် ခရီးသည် ၁၅ ဦးလိုက်ပါလာသည့် ရွှေမြစ်ဆုံခရီးသည်တင်ယာဥ် အရှိန်လွန်ကာ လမ်းလယ်ကျွန်းဝင်တိုက်

သက်တံ့
၁၉. ၁၁. ၂၀၂၆

အမြန်လမ်းတွင် ခရီးသည် ၁၅ ဦးလိုက်ပါလာသည့် ရွှေမြစ်ဆုံခရီးသည်တင်ယာဥ် အရှိန်လွန်ကာ လမ်းလယ်ကျွန်းအကာအရံအတားများကို ဝင်တိုက်မိမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၄၀/၀-၁ကြား ရန်ကုန်မှမန္တ‌‌လေးသို့ အသွားလမ်းတွင် ယာဉ်မောင်းပါ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၄) စုစုပေါင်း (၁၅) ဦး လိုက်ပါလာသည့် 5Q-7667 SCANIA အမျိုးအစား ရွှေမြစ်ဆုံ အဖြူကြား ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင်ကာရံထား‌သည့် အကာရံများအားတိုက်မိ၍ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း လမ်းလယ်တွင်ကာရံထားသည့် အကာရံအချို့ပျက်စီးခဲ့သည်ဟု သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ ယာဥ်ပေါ်ပါသူအားလုံးထိုင်ခုံခါးပတ် ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များမှာ 60km/hr နှုန်းအောက်၌သာ မောင်းနှင်ရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News