NP News

ရန်ကုန်ကထိန်များတွင် ငွေသီးသန့်ပဒေသာပင် ပြုလုပ်မှုများလာ

ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၉
ရန်ကုန်မြို့ရှိ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိသည့် ဘုံကထိန်အလှူပွဲများတွင် ယခုနှစ်၌ အထွေထွေကုန် ဈေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် ပစ္စည်းပဒေသာပင် သီးသန့်ပြုလုပ်လှူဒါန်းနိုင်မှု သိသိသာသာ လျော့ နည်းလာပြီး အကုန်အကျနည်းကာ လူအမြင်ကောင်းသည့် ငွေသားသီးသန့်ပဒေသာပင်ကို အဓိကထား လာကြကြောင်း သိရသည်။
ယခင်နှစ်များက သီတင်းကျွတ်လပြည့်ကျော်သည်နှင့် ရန်ကုန်မြို့ရှိ လမ်းသွယ်များနှင့် ရပ်ကွက်ဓမ္မာရုံများ တွင် အသံချဲ့စက်များဖွင့်ကာ အလှူခံခြင်း၊ သင်္ကန်းနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ချိတ်ဆွဲထားသည့် ပဒေသာပင်ကြီး များကို ဝိုင်းဝန်းပြင်ဆင်ခြင်းတို့ဖြင့် စည်ကားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ကုန်စျေးနူန်းကြောင့် ပဒေသာပင် သီးရန်ချထားသော်လည်း ပစ္စည်းလှူသူမရှိသလောက်နည်းနေပြီးတိတ်ဆိတ်ခြောက်ကပ်နေသည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။
အထူးသဖြင့် သင်္ကန်းပရိက္ခရာဈေးနှုန်းများ၊ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ယခင် နှစ် ထက် နှစ်ဆခန့် မြင့်တက်သွားခြင်းကြောင့် လမ်းအလိုက် စုပေါင်းပြုလုပ်သည့် ပဒေသာပင် အရေအတွက်မှာ ထက်ဝက်ကျော်အထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။
"အရင်နှစ်တွေကဆို ကျွန်တော်တို့လမ်းထဲမှာတင် ပဒေသာပင် အကြီးကြီး ငါးပင်၊ ခြောက်ပင်လောက် ထွက်တယ်။ အခုနှစ်တော့ ပစ္စည်းဈေးတွေက အရမ်းခေါင်ခိုက်နေတော့ ပစ္စည်းဝယ်ပြီး ပဒေသာပင်သီးဖို့ ဘယ် လိုမှ မတတ်နိုင်ကြတော့ဘူး။သွားတိုက်ဆေးတောင် လေးငါးခြောက်ထောင်တစ်သောင်းကျော်။ ငွေသားဆို နှစ်ရာတန်ဆို အရွက်၅၀ နီးပါး၊တစ်ထောင်တန်ဆို ၁၀ ရွက်နီးပါးဆို အမြင်ကောင်းတယ်လေ။ အခုကတော ရသလောက်လေးစုပြီး ငွေပဒေသာပင်ပဲ လုပ်ကြရတော့တယ်" ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်ကထိန် ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုအပြင် အလုပ်အကိုင် ရှားပါးမှုနှင့် ဝင်ငွေနည်းပါးလာမှုတို့ကြောင့် အိမ်ထောင်စု အများစုမှာ နေ့စဉ်စားဝတ်နေရေးကိုပင် ခက်ခက်ခဲခဲ ဖြေရှင်းနေရသဖြင့် အလှူအတန်းပြုလုပ်ရာတွင် ယခင် ကကဲ့သို့ ငွေကြေးအမြောက်အမြား မထည့်ဝင်နိုင်ကြောင်း၊ ထို့အပြင် ပဒေသာပင် ပြုလုပ်ရာတွင် အသုံးပြုသည့် ဝါး၊ စက္ကူနှင့် အလှဆင်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း မြင့်တက်နေသဖြင့် အလှူရှင်များအနေဖြင့် အပို ကုန်ကျစရိတ် မရှိစေရန် ငွေသားတိုက်ရိုက် လှူဒါန်းခြင်းကိုလည်း ရွေးချယ်လာနေသည်။
"အရင်ကတော့ ကလေးတွေရော လူကြီးတွေရော ပျော်ပျော်ပါးပါးနဲ့ ပစ္စည်းလေးတွေ ဝယ်ထည့်၊ အလှူခံ ထွက်ကြတာပေါ့။ အခုက ကိုယ့်အိမ်စားဖို့တောင် အနိုင်နိုင်ဆိုတော့ အလှူခံလာရင် တတ်နိုင်သလောက် ငွေသား လေးပဲ ထည့်လိုက်တော့တယ်။ ဘုန်းကြီးကျောင်းတွေအတွက်လည်း ငွေသားဆိုတော့ လိုအပ်တာ သုံးလို့ရတာ ပေါ့" ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ဆိုသည်။
ကထိန်ပွဲတော်၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည့် စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများတွင်လည်း ယခင် က ထမင်းဟင်းနှင့် မုန့်ပဲသရေစာ အစုံအလင် ကျွေးမွေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကုန်ကျစရိတ် သက် သာစေရန် အအေး၊ ဖျော်ရည်နှင့် မုန့်အနည်းငယ်ကိုသာ အကျဉ်းချုံး ကျွေးမွေးလာကြသည်။
ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း အများစုတွင်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် လျှပ်စစ်မီး ပုံမှန်မရရှိ မှုတို့ကြောင့် ကျောင်းတိုက်အတွင်း စားသောက်ရေးနှင့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်နေချိန်ဖြစ်ရာ အလှူရှင်များ၏ ငွေသားလှူဒါန်းမှုသည် ကျောင်းတိုက်များ၏ လက်ငင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

မူရင်းသတင်း — NP News