Eleven Media Group

■ ဂါနာသမ္မတအတွက် ဒေါ်လာ ၆၁ သန်းတန် လေယာဉ်သစ်ဝယ်ယူမှု လူထုဝေဖန်မှုနှင့် ရင်ဆိုင်နေရ

ဂါနာအစိုးရက ဒေါ်လာ ၆၁ သန်းတန် သမ္မတအသုံးပြုမည့် လေယာဉ်သစ် ဝယ်ယူခဲ့မှုကို ကာကွယ်ပြောဆိုနေသော်လည်း လူနေမှုစရိတ်မြင့်တက်မှုနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကြားတွင် ယင်းဝယ်ယူမှုအပေါ် ဝေဖန်မှုများ ပြင်းထန်နေသည်။

ပြင်သစ်နိုင်ငံထုတ် Falcon 6X လေယာဉ်ကို ဝယ်ယူခဲ့မှုကြောင့် နိုင်ငံရေးအငြင်းပွားမှုများလည်း ဖြစ်ပေါ်နေပြီး သမ္မတဂျွန်မဟာမာအစိုးရက ဦးစားပေးလုပ်ဆောင်သင့်သည့် ကိစ္စများကို လွဲမှားနေသည်ဟု အတိုက်အခံနိုင်ငံရေးသမားများက ဝေဖန်နေကြသည်။

သို့သော်အစိုးရက ဂါနာ၏ စီးပွားရေးအခြေအနေ တိုးတက်လာသဖြင့် လေယာဉ်ဝယ်ယူရန် ငွေကြေးတတ်နိုင်လာပြီး လက်ရှိအသုံးပြုနေသည့် သမ္မတလေယာဉ်ဟောင်းကို အစားထိုးရန် လိုအပ်သည့်အတွက် ဝယ်ယူခြင်းဖြစ်သည်ဟု ပြောသည်။

ပြင်သစ်လေကြောင်းနှင့် အာကာသယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Dassault Aviation က ထုတ်လုပ်သည့် Falcon 6X ကို နိုဝင်ဘာ ၁၆ ရက်တွင် ဂါနာလေတပ်ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတမဟာမာသည် အတိုက်အခံခေါင်းဆောင်အဖြစ် ရှိခဲ့စဉ်က သမ္မတလေယာဉ်သစ် ဝယ်ယူရန် ကန့်ကွက်ခဲ့ဖူးသဖြင့် ယခု ၎င်း၏အစိုးရလက်ထက်တွင် ဝယ်ယူခဲ့ခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ခံနေရသည်။

လူမှုကွန်ရက်များတွင် ဝေဖန်မှုများထွက်ပေါ်နေသော်လည်း အစိုးရက လေယာဉ်သစ်ဝယ်ယူမှုအတွက် ချေးငွေယူခဲ့ခြင်းမရှိကြောင်း ပြောကြားပြီး ဂါနာနိုင်ငံ၏ ငွေကြေးတန်ဖိုး မြင့်တက်လာခြင်းနှင့် စီးပွားရေးအခြေအနေ တိုးတက်လာခြင်းတို့ကြောင့် ဝယ်ယူနိုင်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။

လေယာဉ်အတွင်းပိုင်း၌ သီးသန့်အိပ်ခန်းနှင့် ရေချိုးခန်း ပါဝင်သည်ဆိုသည့် သတင်းများကြောင့်လည်း ဝေဖန်မှုများ ပိုဆိုးလာခဲ့သည်။ သို့သော် အစိုးရပြောရေးဆိုခွင့်ရှိသူက လေယာဉ်တွင် ရေချိုးခန်း လုံးဝမပါဝင်ကြောင်းနှင့် သမ္မတက လေယာဉ်ပေါ်တွင် ရေချိုးရန် ရည်ရွယ်ချက်မရှိကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group