
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
အမေရိကန်က ဟော်မုဇ်ရေလက်ကြားအတွင်းရှိ အီရန်နိုင်ငံ ကက်ရှ်မ်ကျွန်းကို တိုက်ခိုက်ပြီးနောက် အီရန်က ကူဝိတ် နိုင်ငံရှိ အမေရိကန် ဒရုန်းနဲ့ ဒုံးကျည်စခန်းတွေကို ညပိုင်းမှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ စက်တင်ဘာလနောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ကူဝိတ်ကို အီရန်က ပထမဆုံးအကြိမ် တိုက်ခိုက်တာ ဖြစ်ပါတယ်။
မကြာသေးခင်ရက်တွေမှာ ဒေသတွင်း တိုက်ခိုက်မှုတွေ ပိုမိုများပြားလာတဲ့အခြေအနေမှာ ဘာရိန်းကလည်း ဗုဒ္ဓဟူး နေ့မှာ အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တစ်ပတ်အတွင်း တတိယအကြိမ် ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်ရေတပ်ရဲ့ ပဉ္စမမြောက်ရေတပ်အုပ်စု အခြေစိုက်ရာ ဘာရိန်းကို အီရန်က “စနစ်တကျ ရန်လို တဲ့ချဉ်းကပ်မှု” ပြုလုပ်နေတယ်လို့လည်း ဘာရိန်းက စွပ်စွဲပါတယ်။
အခုနောက်ဆုံး တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ သံတမန်ရေး ဆွေးနွေးမှုတွေမှာ အခက်အခဲတွေ ရှိနေတယ်ဆိုတာ ပိုမိုထင်ရှား လာပါတယ်။ ပဋိပက္ခကြောင့် သင်္ဘောသွားလာမှုတွေ အနှောင့်အယှက်ဖြစ်ပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်း တွေ မြင့်တက်လာသလို ဒေသတွင်းနိုင်ငံတွေပါ ပဋိပက္ခထဲ ပါဝင်လာ ပါတယ်။
အီရန်စစ်တပ်ကတော့ ကူဝိတ်က သူ့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက ရန်လိုတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တားဆီးနေတယ်လို့ ပြောပြီးနောက် ကူဝိတ်နိုင်ငံ အလီအယ်လ်ဆလမ် စစ်အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန် ဒရုန်းနဲ့ ဒုံးကျည်တပ်ဆင်မှုတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ အမေရိကန်က အင်္ဂါနေ့ညမှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ ပစ္စည်းတွေကို ထိခိုက်ခဲ့တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ကက်ရှ်မ်ကျွန်းပေါ်က ဒုံးကျည်ပစ်လွှတ်စခန်းကို တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ပြီးနောက် ဖြစ်ပေါ်လာတာပါ။ အီရန်မီဒီယာတွေကတော့ အီရန် တာဝန်ရှိ သူတစ်ဦးကို ကိုးကားပြီး အမေရိကန်တိုက်ခိုက်မှုကြောင့် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဖော်ပြပါတယ်။
အမေရိကန်စစ်တပ်ကလည်း ဒီတစ်ပတ်အတွင်း အီရန်က ကြိုးပမ်းတိုက်ခိုက်မှုတွေကြောင့် အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးမှ ထိခိုက်ဒဏ်ရာရတာ မရှိဘဲ အားလုံး ဘေးကင်းလုံခြုံနေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကူဝိတ်ကတော့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ၊ အရေးကြီးအဆောက်အအုံတွေကို ရန်လိုမှု ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူမှုအားလုံး ပြုလုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
အီရန်အစိုးရပိုင်မီဒီယာတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတွေထဲမှာ အီရန်စစ်တပ် စစ်ဦးစီးချုပ် အမီရ် ဟာတာမီက အမေရိကန်ကို ထပ်မံသတိပေးခဲ့ပါတယ်။ ရန်သူဘက်က အမှားကို ထပ်လုပ်လာ ရင် ပိုမိုပြင်းထန်တဲ့ နည်းလမ်းနဲ့ ပထဝီဝင်ကန့်သတ်ချက်မရှိဘဲ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
International Institute for Strategic Studies ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒဆိုင်ရာ အကြီးတန်းသုတေသီ ဟာဆန် အယ်လ်ဟာဆန်ကတော့ အီရန်ဟာ “တင်းမာမှုမြှင့်တင်နေတယ်” လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က စစ်ဆင်ရေးနယ်ပယ်ကို ပိုမိုချဲ့ထွင်ပြီး အီရန်ရဲ့ ကမ်းရိုးတန်းစစ်ရေး အဆောက်အအုံတွေသာမက အီရန်နိုင်ငံ အတွင်းပိုင်း ကိုပါ ပစ်မှတ်ထားလာရင် တင်းမာမှု ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို တိုက်ခိုက်ခဲ့ပြီး အီရန်က အစ္စရေးနဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပဋိပက္ခဟာ လက်ဘနွန်အထိ ပျံ့နှံ့ခဲ့ပြီး အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေကလည်း ဆော်ဒီအာရေဗျရဲ့ စွမ်းအင်စက်ရုံတွေ၊ လေဆိပ်တွေနဲ့ အခြားနေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အီရန်က ဂျော်ဒန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားတယ်လို့ ကြေညာပြီးနောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေ မြင့်တက်လာသလို အဲဒီရေလက်ကြားက သင်္ဘောသွားလာမှုတွေ ပြင်းပြင်းထန်ထန် အနှောင့်အယှက်ဖြစ်နေပါတယ်။ အမေရိကန်ကလည်း အီရန်အပေါ် ရေတပ်ပိတ်ဆို့မှု ပြုလုပ်ထား တာကြောင့် အီရန်စီးပွားရေး ထိခိုက်နေပါတယ်။
Ref – Reuters