Myanmar Transparency News

နှစ်နိုင်ငံနယ်စပ်ရှိ မြစ်နှစ်စင်းအတွင်း အာဆင်းနစ်အဆိပ်သင့်မှု ပြဿနာကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

သက်တံ့
၁၉. ၁၁. ၂၀၂၆
 
မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ရှိ ကော့မြစ်နှင့် စိုင်မြစ်တို့အတွင်း အာဆင်းနစ်အဆိပ်သင့်မှု အပါအဝင် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာများကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းရန် သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MNRE) အား ဝန်ကြီးချုပ် အနုထင် ချာဝီရကွန်က ညွှန်ကြားထားကြောင်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပါ့စ်ဗီဗတ်တနာက ကြာသပတေးနေ့ (နိုဝင်ဘာ ၁၉ ရက်) တွင် ပြောကြားခဲ့သည်ဟု The Nation သတင်းဌာနက ဖော်ပြသည်။
 
ညစ်ညမ်းမှု စတင်ဖြစ်ပွားရာ အရင်းအမြစ်နေရာမှစတင်၍ ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ထိခိုက်ခံစားရသော ဒေသခံများအတွက် သန့်ရှင်းဘေးကင်းသည့် ရေအရင်းအမြစ်များ ရရှိစေရန် စီစဉ်ပေးဖို့ ဝန်ကြီးချုပ် အနုထင်က သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် ချွန်ကလင် (Suchart Chomklin) အား ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
 
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကတ်ကောင်း နေပြည်တော်သို့ သွားရောက်၍ မြန်မာခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်း လာလီဒါက ဆိုသည်။
 
မူလက ဒီဇင်ဘာလအစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ၏ ပထမဆုံးအကြိမ် အစည်းအဝေးကိုလည်း နိုဝင်ဘာလ ၂၅-၂၆ ရက်နေ့များသို့ ရှေ့တိုးကျင်းပရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သူမက ပြောကြားသည်။ အတူတကွ လက်တွေ့လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ဘန်ကောက်မြို့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး နှစ်နိုင်ငံလုံးရှိ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
 
ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံပိုင်နက်အတွင်းရှိ ကော့မြစ်နှင့် စိုင်မြစ်ပိုင်းများတွင် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးရေး စခန်းများ တိုးချဲ့တည်ဆောက်ရန်၊ နည်းပညာဆိုင်ရာ အချက်အလက်များ မျှဝေရန်နှင့် ညစ်ညမ်းမှု အရင်းအမြစ်များကို စုံစမ်းစစ်ဆေးရန် အဆိုပြုသွားမည်ဖြစ်သည်။ ထို့ပြင် တစ်နှစ်တာ ရေတိုပူးတွဲလုပ်ငန်းစဉ်နှင့် သုံးနှစ်တာ ရေရှည်ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုကိုလည်း အဆိုပြုသွားမည်ဖြစ်ကာ ပူးတွဲကွင်းဆင်းစစ်ဆေးမှုကို အမြန်ဆုံး ပြုလုပ်နိုင်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်သည်။ နှစ်နိုင်ငံ အတူတကွ လုပ်ငန်းဆောင်ရွက်ရာတွင် လမ်းညွှန်ချက်အဖြစ် အသုံးပြုရန်အတွက် လုပ်ငန်းလမ်းညွှန်ချက်များ (TOR) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက် (ကြာသပတေးနေ့) ကတည်းက လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
 
၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း စိုင်မြစ်ပေါ်ရှိ ဘန်ဟွာဖိုင်း (Ban Hua Fai) နေရာ၌ ကွင်းဆင်းစစ်ဆေးရေး ကိရိယာဖြင့် ကနဦး အာဆင်းနစ် စမ်းသပ်စစ်ဆေးခဲ့မှု ရလဒ်များကို ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ စစ်ဆေးတွေ့ရှိချက်အရ ရေတစ်လီတာလျှင် အာဆင်းနစ် ၀ ဒသမ ၀၁၇ မီလီဂရမ်ခန့် ပါဝင်နေပြီး ယခင်စမ်းသပ်မှုရလဒ်ဖြစ်သည့် ၀ ဒသမ ၂၈၄ မီလီဂရမ်ထက် လျော့ကျသွားသော်လည်း အပေါ်ယံရေထု အရည်အသွေး စံချိန်စံညွှန်းဖြစ်သော တစ်လီတာလျှင် ၀ ဒသမ ၀၁၀ မီလီဂရမ်ထက် ကျော်လွန်နေဆဲ ဖြစ်သည်။ ဓာတ်ခွဲခန်းတွင် ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ရေနှင့် အနည်အနှစ် နမူနာများကို ရယူရန် လိုအပ်နေဆဲဖြစ်ပြီး စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။
 
ထို့အတူ ချင်းရိုင်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခု၌ ရေပေးဝေရေးစနစ် ၄ ခု တည်ဆောက်ရန် ပြင်ဆင်မှုများကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ရေအရင်းအမြစ်ဦးစီးဌာနအား ဝန်ကြီး ဆူချတ်က ညွှန်ကြားထားကြောင်း လာလီဒါက ပြောကြားသည်။ ၂၀၂၇ ခုနှစ် ဘတ်ဂျက်အစီအစဉ်တွင် သောက်သုံးရေနှင့် အိမ်သုံးရေ ပေးဝေရေး စီမံကိန်း ၃ ခု ပါဝင်ပြီး အဆိုပါ စီမံကိန်း ၃ ခုပေါင်းမှ အိမ်ထောင်စုပေါင်း ၃၀၀ ခန့် အကျိုးခံစားခွင့် ရရှိမည်ဟု မျှော်မှန်းထားသည်။
 
ယင်းစီမံကိန်းနေရာများမှာ မောင်းချင်းရိုင် (Mueang Chiang Rai) မြို့နယ်ရှိ ဘန်မောင်းငင် (Ban Mueang Ngim)၊ ဝီယန်ချင်းရုန်း (Wiang Chiang Rung) မြို့နယ်ရှိ ဘန်ဆန်ဆိုင်ငမ် (Ban San Sai Ngam) နှင့် ချင်းဆန် (Chiang Saen) မြို့နယ်ရှိ ဘန်ဆန်သတ်မိုင်ဖတ်သနာ (Ban San That Mai Phatthana) တို့ ဖြစ်ကြသည်။
 
Ref: The Nation

မူရင်းသတင်း — Myanmar Transparency News