Eleven Media Group

မြောက်ကိုရီးယားသည် ယူရေနီယံ သန့်စင်ရေးစက်ရုံကို တိုးချဲ့လျက်ရှိကြောင်း IAEA ပြောကြား

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ အဓိက နျူကလီးယား အဆောက်အအုံဖြစ်သော ယွန်ဗြောင်ရှိ မူလ ယူရေနီယံ သန့်စင်ရေးစက်ရုံကို တိုးချဲ့လျက်ရှိကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပြီး ယင်းသည် ၎င်းတို့၏ နျူကလီးယားလက်နက် စီမံကိန်းကို တိုးမြှင့်လုပ်ဆောင်မည်ဆိုသည့် ကတိကဝတ်အတိုင်း မြောက်ကိုရီးယားဘက်က လုပ်ဆောင်နေသည့် နောက်ထပ် လက္ခဏာတစ်ရပ် ဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံ၌ ကျင်းပသည့် APEC အစည်းအဝေး တက်ရောက်နေချိန်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံလိုကြောင်း ထုတ်ဖော်ပြောကြားနေချိန်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီ၏ ယခုသုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"၂၀၂၆ ခုနှစ် စက်တင်ဘာလလယ်ပိုင်းကတည်းက မူလ ယွန်ဗြောင် ယူရေနီယံသန့်စင်ရေးစက်ရုံကို ထပ်မံတိုးချဲ့ဆောက်လုပ်နေခဲ့ပြီး အဲဒီတိုးချဲ့အဆောက်အအုံသစ်မှာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက အပြင်ပိုင်း ဆောက်လုပ်မှု ပြီးစီးသွားပြီ ဖြစ်ပါတယ်" ဟု ဂရော့ဆီက နိုဝင်ဘာ ၁၈ ရက်တွင် IAEA အုပ်ချုပ်ရေးမှူးများအဖွဲ့ထံ ပြောကြားသည့် ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

DPRK ၏ ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကို ဆက်လက်တိုးချဲ့နေခြင်းသည် အလေးအနက် စိုးရိမ်ပူပန်စရာ အကြောင်းရင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ၎င်းက ဆိုသည်။

DPRK ဆိုသည်မှာ မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင်အမည်ဖြစ်သော ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ အတိုကောက် ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံက IAEA ၏ စစ်ဆေးရေးမှူးများကို နှင်ထုတ်ခဲ့ချိန်မှစပြီး IAEA အနေဖြင့် ယွန်ဗြောင် သို့မဟုတ် မြောက်ကိုရီးယားရှိ အခြားနေရာများသို့ ဝင်ရောက်စစ်ဆေးခွင့် မရရှိခဲ့တော့ပေ။

IAEA က ၎င်းတို့သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်ရန်အတွက် ဂြိုဟ်တုဓာတ်ပုံများနှင့် အများပြည်သူ လက်လှမ်းမီသော သတင်းအချက်အလက်များကို အသုံးပြုနေကြောင်း ပြောကြားထားသည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ယွန်ဗြောင် နျူကလီးယား အဆောက်အအုံကို ၎င်းတို့၏ နျူကလီးယား အစီအစဉ်၏ ဗဟိုချက်တစ်ခုအဖြစ် ခေါ်ဆိုထားသည်။

နျူကလီးယားလက်နက်များကို အဆင့်မြင့် သန့်စင်ထားသော ယူရေနီယံ သို့မဟုတ် လက်နက်ထုတ်လုပ်နိုင်သည့်အဆင့် ပလူတိုနီယံ တစ်မျိုးမျိုးကို အသုံးပြုတည်ဆောက်နိုင်ပြီး မြောက်ကိုရီးယား၏ ယွန်ဗြောင်စက်ရုံတွင် ယင်းနှစ်မျိုးစလုံးကို ထုတ်လုပ်နိုင်သည့် အဆောက်အအုံများ ရှိနေသည်။

၂၀၁၉ ခုနှစ်တွင် ထရန့်နှင့် ကင်ဂျုံအွန်တို့၏ အရေးပါသော နျူကလီးယား ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံသည် ယွန်ဗြောင်နှင့် အခြားနေရာများတွင် နောက်ထပ် ယူရေနီယံ သန့်စင်ရေးစက်ရုံများ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချောင်ဒုံယောင်းက မြောက်ကိုရီးယားသည် ယူရေနီယံ သန့်စင်ရေးစက်ရုံ လေးရုံကို လည်ပတ်နေပြီး ယင်းစက်ရုံများမှာ နေ့စဉ် လည်ပတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထရန့်က ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကမူ ထရန့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း၊ သို့သော် သမ္မတအနေဖြင့် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲအသစ်တစ်ရပ် စတင်ရန် အသင့်ရှိနေကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထရန့်၏ ကမ်းလှမ်းမှုအသစ်အပေါ် မြောက်ကိုရီးယားဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

ကင်ဂျုံအွန်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ထားရှိသည့် ရန်လိုသော မူဝါဒကို စွန့်လွှတ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံအဆင့်အတန်းကို လေးစားမည်ဆိုပါက ဆွေးနွေးပွဲများသို့ ပြန်လည်လာရောက်နိုင်ကြောင်း ယခင်က ပြောကြားထားသည်။

ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားအနေဖြင့် ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုနိုင်ရေးအတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံအဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို အပြင်းအထန် ရယူလိုနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group