
(ပြည်တွင်း) နိုဝင်ဘာ ၁၉
ဦးမင်းအောင်လှိုင်သည် ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် မကြာမီ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူ ထမ်းဆောင်ရမည့် အခြေအနေများနှင့် တာဝန်များကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းနေမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဘင်းမ်စတက်အဖွဲ့ဝင် နီပေါနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဘင်းမ်စတက်အဖွဲ့ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေးနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။