
သမ္မတဒေါ်နယ်ထရန့်က တရုတ်နိုင်ငံသည် အမေရိကန်ကို သူလျှိုလုပ်နေသကဲ့သို့ အမေရိကန်ကလည်း တရုတ်ကို သူလျှိုလုပ်နေကြောင်း ပြောဆိုလိုက်ပြီး အမေရိကန်က တရုတ်ထက်ပင် ပို၍ကောင်းမွန်စွာ သူလျှိုလုပ်နိုင်သည်ဟု ပြောကြားခဲ့သည်။
၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးအတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် နိုဝင်ဘာ ၁၉ ရက်တွင် ထရန့်က တရုတ်သမ္မတရှီကျင်းပင်နှင့် မတွေ့ဆုံမီ Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထရန့်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် စစ်ပွဲဖြစ်ပွားနေသည့် အီရန်ကို ထောက်ပံ့နေခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေမှုများကို ပယ်ချခဲ့ပြီး နှစ်နိုင်ငံစလုံး အပြန်အလှန် သူလျှိုလုပ်နေကြခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“သူတို့က ကျွန်တော်တို့ကို သူလျှိုလုပ်နေတယ်လို့ ပြောကြတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း သူတို့ကို သူလျှိုလုပ်နေတာပါ။ ကျွန်တော့်အထင်တော့ အမေရိကန်က သူတို့ထက် ပိုပြီး ကောင်းကောင်းသူလျှိုလုပ်နိုင်တယ်။ ဘာတွေလုပ်နေတယ်ဆိုတာတော့ ကျွန်တော်မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီလိုပဲပြောပါမယ်။ ကျွန်တော် အားလုံးကိုသိပါတယ်။ ကျွန်တော်တို့က တရုတ်ကို သူလျှိုလုပ်နေသလို သူတို့ကလည်း ကျွန်တော်တို့ကို သူလျှိုလုပ်နေပါတယ်” ဟု ထရန့်က အင်တာဗျူးတွင်ပြောခဲ့သည်။
ထရန့်နှင့် ရှီကျင်းပင်တို့ တွေ့ဆုံမှုသည် Nvidia စီအီးအိုဟောင်း ဂျန်ဆန်ဟွမ်၏ အိမ်ထောင်ရေးအရှုပ်တော်ပုံ ပေါ်ပေါက်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဂျန်ဆန်ဟွမ်၏ကိစ္စက နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သလားဟု မေးမြန်းလာသည့်အပေါ် ထရန့်က ဂျန်ဆန်ဟွမ်နှင့်သတင်းထွက်ခဲ့သူ အဲလစ်ဟွမ်က သူလျှိုဟု မကြားထားကြောင်း ပြန်ဖြေခဲ့သည်။ အဲလစ်ဟွမ်ကို ချောမောလှပသည့်အမျိုးသမီးဟုလည်း ထရန့်က ဆိုခဲ့ပြီး “တရုတ်နိုင်ငံကလာတဲ့ လှပတဲ့အမျိုးသမီးတိုင်းကို သူလျှိုလို့ သတ်မှတ်ကြတယ်” ဟု ပြောဆိုခဲ့သည်။
Ref: NDTV
Photo:SCMP