Myanmar Transparency News

ယူကရိန်းအား ထောက်ပံ့ကူညီနေသည့် အမေရိကန်ကာကွယ်ရေးကုမ္ပဏီ Palantir ကို သူလျှိုလုပ်မှုဖြင့် ရုရှားနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

သက်တံ့

၁၉. ၁၁. ၂၀၂၆

ယူကရိန်းစစ်တပ်ကို ထောက်ပံ့ကူညီပေးနေသည့် အမေရိကန်နည်းပညာနှင့် ကာကွယ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများအပေါ် သူလျှိုလုပ်ရန် ကြိုးပမ်းမှုဖြင့် ရုရှားအမျိုးသားတစ်ဦးကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီလီကွန်တောင်ကြား (Silicon Valley) တွင် ဖမ်းဆီးလိုက်သည်။

ရုရှားနိုင်ငံသား အီဂေါ ဒီယူ (Igor D’iu) ဆိုသူသည် ဆန်ဖရန်စစ္စကိုမြို့အနီးရှိ ပါလိုအယ်လ်တို (Palo Alto) မြို့တွင် လျှို့ဝှက်စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ရန်အတွက် ပြည်ပအစိုးရတစ်ရပ်၏ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ပစ်မှတ်ထားခံရသည့် ကုမ္ပဏီမှာ Palantir Technologies ဖြစ်ကြောင်း BBC က သိရှိရသည်။

ထို့ပြင် ဒီယူသည် ကုမ္ပဏီဝန်ထမ်းများနောက်သို့ တိတ်တဆိတ် လိုက်လံချောင်းမြောင်းမှု (Stalking) နှင့် ကိုယ်ရေးအချက်အလက် အတုအပများ လက်ဝယ်ထားရှိမှုတို့ဖြင့်လည်း တရားစွဲဆိုခံထားရသည်။

တရားစွဲဆိုချက် စာရွက်စာတမ်းများတွင် ကုမ္ပဏီအမည်ကို တိုက်ရိုက်ဖော်ပြထားခြင်း မရှိသော်လည်း ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ယူကရိန်းအသုံးပြုနေသော ဆော့ဖ်ဝဲများကို ထုတ်လုပ်ပေးနေသည့် အများပိုင် နည်းပညာနှင့် ကာကွယ်ရေးကုမ္ပဏီတစ်ခုအဖြစ် ဖော်ပြထားသည်။

“ဒီအမှုမှာပါတဲ့ စွပ်စွဲချက်တွေဟာ ရုရှားနဲ့ဖြစ်တဲ့စစ်ပွဲမှာ ယူကရိန်းကို အကူအညီပေးနေတာကြောင့် အမေရိကန် နည်းပညာနဲ့ ကာကွယ်ရေးကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထား နှောင့်ယှက်ဖို့ နိုင်ငံတော်အဆင့် ကျောထောက်နောက်ခံပြု လုပ်ဆောင်တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်” ဟု ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင် အမေရိကန်ရှေ့နေ ခရိတ် မစ်ဆာကီယန် (Craig Missakian) က ပြောကြားခဲ့သလို “ဆီလီကွန်တောင်ကြားကို ပြည်ပထောက်လှမ်းရေး လုပ်ငန်းတွေရဲ့ အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ပြည်ပအစိုးရတွေပဲဖြစ်ဖြစ်၊ တခြားဘယ်သူတွေပဲဖြစ်ဖြစ် ကြိုးပမ်းလာတာမျိုးကို ကျွန်တော်တို့ လုံးဝသည်းခံမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒီယူသည် ဇွန်လအတွင်း အစ္စတန်ဘူလ်မြို့မှတစ်ဆင့် ခရီးထွက်ခွာလာပြီးနောက် မက္ကဆီကိုနယ်စပ်မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ဆိုသည်။ ၎င်းအား ကုတ်ဝှက်စာပို့စနစ်သုံး Telegram အက်ပလီကေးရှင်းမှတစ်ဆင့် စည်းရုံးသိမ်းသွင်းခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ ၎င်းကို စေခိုင်းသူများက ရုရှားနိုင်ငံကို “အမိမြေ (the Motherland)” ဟု ရည်ညွှန်းပြောဆိုခဲ့ကြပြီး၊ ယူကရိန်းတွင် ရုရှားကို တိုက်ခိုက်ရာ၌ အသုံးပြုသည့် လက်နက်များ ထောက်ပံ့ပေးနေသောကြောင့် အဆိုပါကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန် ဒီယူအား ညွှန်ကြားခဲ့သည်။

စေခိုင်းသူများ၏ ညွှန်ကြားချက်အရ ဒီယူသည် သူလျှိုလုပ်ငန်းအတွက် လိုအပ်သည့် ကွန်ပျူတာများ၊ ဖုန်းများ၊ ကြိုးမဲ့ကွန်ရက်ချိတ်ဆက်ကိရိယာများနှင့် အဝေးထိန်းစနစ်သုံး ဆော့ဖ်ဝဲများကို ဝယ်ယူခဲ့သည်။ ထို့နောက် ပါလိုအယ်လ်တိုမြို့ရှိ ကုမ္ပဏီရုံးခန်းများအနီးတွင် ရှိသော ကော်ဖီဆိုင်တစ်ဆိုင်သို့ သွားရောက်ကာ ထိုဆိုင်တွင် အလုပ်လုပ်နေကြသည့် ကုမ္ပဏီဝန်ထမ်းများ၏ လက်ပ်တော့ပ် မျက်နှာပြင်များကို ဓာတ်ပုံရိုက်ယူခဲ့သည်။

ထို့ပြင် ၎င်းကို စေခိုင်းသူများက အနီးအနားရှိ ကုမ္ပဏီဝန်ထမ်းများထံမှ အချက်အလက်များကို အဝေးမှ လှမ်းယူစုဆောင်းနိုင်ရန်အတွက် ကုမ္ပဏီအနီးရှိ သတ်မှတ်နေရာများတွင် ၎င်း၏ လက်ပ်တော့ပ်ကို နေရာချထားရန် ညွှန်ကြားခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

ပစ်မှတ်ထားခံရသည့် ကုမ္ပဏီမှာ Palantir ဖြစ်ကြောင်း နည်းပညာလုပ်ငန်းနယ်ပယ်မှ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုခဲ့ပြီး၊ အဆိုပါ လုပ်ဆောင်ချက်သည် ကုမ္ပဏီ၏ ကိုယ်ပိုင်စနစ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားသည်။

ယူကရိန်းအရေးတွင် ပါဝင်ပတ်သက်မှုကြောင့် ကုမ္ပဏီသည် ရုရှား၏ “ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားခြင်း” ကို ခံနေရပြီး တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာကြောင်း ၎င်းက ဆိုသည်။

အမည်မဖော်လိုသူ အဆိုပါသတင်းရင်းမြစ်က ကုမ္ပဏီအပေါ် သူလျှိုလုပ်ရန် ကြိုးပမ်းနေသည့် ရုရှားအေးဂျင့်တစ်ဦးကို အမေရိကန်မြေပေါ်တွင် ဖမ်းဆီးရမိခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း ပြောကြားသည်။

“အံ့ဩစရာကောင်းတာကတော့ စနစ်ထဲကို လူကိုယ်တိုင် ချဉ်းကပ်ဝင်ရောက်နိုင်ဖို့အတွက် အမေရိကန်ဆီ လူတစ်ယောက် စွန့်စားစေလွှတ်ဖို့ သူတို့ ဆုံးဖြတ်ခဲ့တာပါပဲ” ဟု ၎င်းက ပြောသည်။

ယခုစွဲချက်များနှင့် ပတ်သက်၍ Palantir ကုမ္ပဏီဘက်ကမူ တစ်စုံတစ်ရာ တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

ဒီယူသည် ကုမ္ပဏီဝန်ထမ်းများနှင့် ၎င်းတို့၏ နေအိမ်များကိုလည်း စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ၎င်းသည် အကြီးတန်း အမှုဆောင်အရာရှိ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ကားနောက်သို့ မိုင် ၃၀ နီးပါးအထိ လိုက်လံခဲ့ပြီး၊ အဆိုပါ အမျိုးသမီးက ရဲစခန်းသို့ မောင်းနှင်သွားချိန်တွင် ထွက်ပြေးသွားခဲ့သည်။ ယခင်ရက်များကလည်း ၎င်းသည် အခြားဝန်ထမ်းများ၏ ကားများနောက်သို့ လိုက်လံခဲ့သည့် အထောက်အထားများကို ရဲတပ်ဖွဲ့က ရရှိခဲ့သည်။

စုံစမ်းစစ်ဆေးမှုအတွင်း အာဏာပိုင်များသည် “Hugo Landry Johns” ဟူသော အမည်အတုဖြင့် ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံကူးလက်မှတ်၊ ကယ်လီဖိုးနီးယား မှတ်ပုံတင်ကတ်နှင့် လူမှုဖူလုံရေးကတ် အပါအဝင် အတုပြုလုပ်ထားသည့် သက်သေခံကတ်ပြားများကို ရှာဖွေတွေ့ရှိခဲ့သည်။

အောက်တိုဘာလအတွင်း အရှေ့ပါလိုအယ်လ်တို (East Palo Alto) ရှိ ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာတွင် ရုရှားနိုင်ငံကူးလက်မှတ် နှစ်အုပ်နှင့်အတူ ဝန်ထမ်းများ၏ နေအိမ်လိပ်စာ အများအပြား၊ “မိသားစုဝင်များ၏ အမည်များ၊ ပညာရေးနှင့် အလုပ်အကိုင် နောက်ခံသမိုင်းကြောင်းများ၊ ၎င်းတို့၏ အားသာချက်နှင့် အားနည်းချက်များအပေါ် သုံးသပ်ချက်များ” ကို လက်ရေးဖြင့် ရေးမှတ်ထားသည့် မှတ်စုစာအုပ်တစ်အုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

၎င်းသည် ပြည်ပအေးဂျင့်အဖြစ် လုပ်ကိုင်မှုဆိုင်ရာ စွဲချက် ၂ ခု၊ ပြည်နယ်ဖြတ်ကျော် လိုက်လံနှောင့်ယှက်မှု စွဲချက် ၁ ခုနှင့် သက်သေခံစာရွက်စာတမ်း အတုအပပြုလုပ်မှု စွဲချက် ၁ ခုတို့ဖြင့် တရားစွဲဆိုခံထားရသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်ကျော်အထိ ကျခံရနိုင်ဖွယ်ရှိသည်။

၎င်းကို နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းကိုယ်စား ပြောဆိုပေးမည့် ရှေ့နေငှားရမ်းထားခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဘီလျံနာသူဌေး ပီတာ သီးလ် (Peter Thiel) ပူးတွဲတည်ထောင်ခဲ့သည့် Palantir ကုမ္ပဏီသည် အမေရိကန် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် လုပ်ကိုင်နေပြီး အစ္စရေးစစ်တပ်နှင့်လည်း စာချုပ်များ ချုပ်ဆိုထားသည်။

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေသည်ဟု သံသယရှိခံရသည့် အမျိုးသမီးတစ်ဦးနှင့် Nvidia အမှုဆောင်အရာရှိချုပ်ဟောင်း ဂျန်ဆန် ဟွမ် (Jensen Huang) တို့ အချစ်ရေးဇာတ်လမ်း ရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမေရိကန် နည်းပညာလုပ်ငန်းနယ်ပယ်အတွင်း သူလျှိုလုပ်မှု စွပ်စွဲချက်များဖြင့် လှုပ်ခတ်လျက်ရှိသည်။

ပြီးခဲ့သည့်လကလည်း OpenAI ကုမ္ပဏီ၏ ဝန်ထမ်းဟောင်းတစ်ဦးသည် ကုမ္ပဏီရုံးခန်းအတွင်း အသံဖမ်းစက် တပ်ဆင်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး၊ နောက်ပိုင်းတွင် ၎င်းသည် ဆော်ဒီအစိုးရထံမှ “အကြီးအကျယ် ပံ့ပိုးကူညီမှု” ရရှိထားသည်ဟု စွပ်စွဲခံခဲ့ရသည်။

Ref: BBC

မူရင်းသတင်း — Myanmar Transparency News