
အမှန်တကယ် ပန်းခွေယူသင့်တာက 'ပန်းစည်းယူမလား၊ ပန်းခွေယူမလား'ဆိုတဲ့သူပဲ ဖြစ်သင့်ပါတယ်။ သူတင်မဟုတ်ပါဘူး။ သူတို့တစ်ဖွဲ့လုံးမှာလည်း တာဝန်ရှိပါတယ်။ ရှေ့မှာ သင်ခန်းစာတွေ တစ်ပြုံ ကြီး ပြထားတဲ့ကြားထဲက လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့တာ အတော်ဦး နှောက်နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တိုင်းပြည်အတွက် မကြည့်ဘဲ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ခဲ့ကြတာကိုက အမှား ကြီးတစ်ခု ကျူးလွန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
နဂိုကတည်းကမှ စစ်ကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့အတွက် လက်နက်ကိုင်လမ်းစဉ် ပပျောက်အောင် ကြိုးစားနေရတဲ့ကြားထဲက တစ်တိုင်းတစ်ပြည်လုံး လက်နက်ကိုင် ပုန်ကန်ဖို့ မြှောက်ပေးတာကပင်လျှင် အမြော်အမြင် နည်းတာပဲလို့ မြင်ပါတယ်။ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် လက်နက်ကိုင်လမ်းစဉ် မထောက်ခံဘူးလို့ တစိုက်မတ်မတ်ပြောခဲ့တာ၊ တိုင်းပြည်ကို တရားဝင် ဦးဆောင်မှုရတော့လည်း ရှေ့မှာ မှန်ကန်စွာချမှတ်ခဲ့တဲ့ NCA လမ်းကြောင်းကို ဆက်လက်အကောင်အ ထည်ဖော်ခဲ့တာတွေကို မြင်ခဲ့၊ ကြားခဲ့ကြရသလို တချို့ကိစ္စတွေမှာလည်းတစ်ဖက်တစ်လမ်းက ကိုယ်တိုင် ပါဝင်ခဲ့ကြတာတွေကို ပစ်ချခဲ့ကြတာက မဖြစ်သင့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်၊ ဒါက ပထမအမှား။
ဒီပထမအမှားကြောင့် လက်နက်ကိုင်တိုက်ပွဲတွေ ပြန်ဖြစ်လာတာ၊ တိုးတက်တည်ငြိမ်လာနေတဲ့ NCA လမ်းကြောင်း ဖရိုဖရဲဖြစ်သွားတာ၊ ပြည်တွင်းစီးပွားရေး၊ လူမှုရေးတွေ ယိုယွင်းသွားတာ၊ လူငယ်တွေ ပညာရေးလမ်းကြောင်းနဲ့ ဘဝတက်လမ်းတွေ ပိတ်ကုန်တာ၊ လူ့အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးသွားတာ၊ မိဘမောင်နှမ ဆွေမျိုးသားချင်းတွေကြား ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားတာ၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးသွားတာ၊ ကမ္ဘာ့အလယ် သံတမန်ဆက်ဆံရေးမှာ မျက်နှာပန်းမလှဘဲ အနှိမ်ခံရတာ၊ တစ်ဆင့်နိမ့်ဆက်ဆံခံရတာ စသဖြင့် ဆုံးရှုံးမှုပေါင်း များစွာ ဖြစ်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
တစ်ဖက်တည်း အမှားလားလို့ဆိုရင် ပြဿနာတစ်ခု ဖြစ်ပွားတဲ့အပေါ်မှာ အမြင်အားဖြင့် မတူကြတာသဘာဝပါ။ ဟိုလူ့အမှား၊ ဒီလူ့အမှားကို ပုံချတာထက် ပြဿနာကို ဖြေရှင်းလို့ရနိုင်တဲ့ နည်းလမ်းတွေရှိရဲ့သားနဲ့ လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ခဲ့တဲ့ အမှားကတော့ တာဝန်ယူရမှာ ဖြစ်ပါတယ်။ လူသားမဆန်ဘူး၊ အရပ်သားတွေကို လေကြောင်းက တိုက်ခိုက်တယ်ဆိုတာတွေအပေါ် အမှန်အမှား ငြင်းခုံနေတာထက် လက်နက် ကိုင်လမ်းစဉ် မရွေးခဲ့ရင် ဖြစ်လာစရာမရှိဘူးဆိုတာ မြင်ဖို့လိုပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းတယ် ဆိုတာလည်း မမှန်ဘူး။
လက်နက်အားကိုးနဲ့ သိမ်းတယ်ပဲထားပါဦး။ နိုင်ငံရေးနည်းအရ ကန့်ကွက်ပြီး ငြိမ်နေကြည့်။ နှစ်နှစ်ထက်ပို အုပ်ချုပ်ထားလို့ မရဘူး။ နှစ်နှစ်ပြည့်လို့ ပြန်အရွေးခံကြည့်။ NLD လည်း မပျက်သလို ပြည် သူတွေရဲ့ ကရုဏာနဲ့ ကျိန်းသေပေါက် မဲပြန်အရွေးခံရမှာ သေချာတယ်။ အာဏာသိမ်းထားတာ ရွေး ကောက်ပွဲ ပြန်လုပ်ပေးမှာ မဟုတ်ဘူးလို့ မပြောနဲ့။ ကြေညာထားတာက အခြေခံဥပဒေအရလုပ်တာ။ အဲဒီအခြေခံဥပဒေအရဆိုတာနဲ့တင် မလုပ်ချင်လည်း မလုပ်လို့မရတဲ့ အခြေအနေ။ ဒါကိုမစဉ်းစားဘဲ အတင်းအကျပ် လက်နက်ကိုင်လမ်းစဉ်နဲ့ သူပုန်ထတဲ့လမ်းကို ရွေးခဲ့ကြလို့သာ ခုချိန်ထိနောက်ဆက် တွဲပြဿနာတွေ ပိုကြီးနေတာ၊ အားကောင်းတဲ့ ပါတီကြီးလည်း ပျက်စီးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီလူတွေဟာ နိုင်ငံရေးသမားမစစ်တဲ့ အခွင့်အရေးသမားတွေဖြစ်နေကြလို့ ဒီလိုဖြစ်ရတာလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဒီပထမ အမှားကို လောဘ၊ ဒေါသ၊ မာန၊ နာကြည်းမှု၊ မုန်းတီးမှုတွေကို အခြေခံတယ်ပဲ ပြောပြော။ မခံဘူးဘဲ ဆိုဆို၊ ဘယ်လိုပဲဖြစ်ဖြစ် ကျူးလွန်မိခဲ့ကြပြီ။ ကျူးလွန်ပြီးသွားကြပြီ။ နည်းမျိုးစုံလည်း သုံးပြီး ပြီ။ မှန်းချက်နဲ့လည်းမကိုက်။ ဒါတွေကို အခြေခံပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ အကြောင်းအကျိုး၊ အဆိုးအပြစ်ကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ မအောင်မြင်နိုင်ဘူး၊ အောင်မြင်မယ်ဆိုရင်လည်း အချိန်အကြာကြီး ပေးရမယ်၊ အဆုံးအရှုံးကြီးမယ်၊ ရလာမယ့် ရလဒ်ကလည်း ထင်သလောက်မဟုတ် ဘူးဆိုရင် ဘာလုပ်သင့်ပါသလဲ။ တော်လှန်ရေး သုံးနှစ်ကျော်ကာလက စပြီး ချိန်ခွင်လျှာပြောင်းလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကို လည်း တွေ့ရပြီးပြီ။ ကိုယ်လိုချင်တဲ့ပုံစံနဲ့ အဆင်ပြေနိုင်၊ မပြေနိုင်လည်း သိလောက်ပြီ။ တပ်ကိုအမြစ်ပြတ် အောင် တိုက်နိုင်ပြီဆိုရင်တောင် တပ်ရှိနေစဉ်ကထက် ဆိုးသွားနိုင်တဲ့ အခြေအနေကိုလည်း တွက်ဆနိုင်နေပြီ။ ဒီလိုအခြေအနေမှာ ပထမအမှားကို ပြန်ပြင်ဖို့ စဉ်းစား ရမှာ မဟုတ်ပါလား။
ဒီနေရာမှာ နိုင်ငံရေးသမားကနေ လက်နက်ကိုင်လမ်းကြောင်းနောက် လိုက်ခဲ့တဲ့ နိုင်ငံရေးခေါင်း ဆောင်တစ်ယောက် တွေ့ဖူးတယ်။ ဦးနုပါ။ သူ့ကို တပ်မတော်က အာဏာသိမ်းခဲ့တာပါ။ သူနဲ့တပ်မတော် ကြားမှာ ထိပ်တိုက်ပြဿနာမရှိခဲ့ပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ တပ်က သိမ်းခဲ့တာဖြစ်ပါတယ်။ သူလည်း မကျေနပ်ချက်နဲ့ ပြည်ပြေးအစိုးရဖွဲ့၊ ပြည်ပြေးတပ်ထူထောင်ပြီး တပ်ကို ပြန် တိုက်ခဲ့ပါပဲ။ သူဝန်ကြီးချုပ် ဘဝက တိုက်ခဲ့ရတဲ့ KNU နဲ့တောင် လက်တွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့တာ၊ တိုင်းပြည်ပို နစ်မွန်းမှာကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခဲ့တာတွေ့ ရမှာ ဖြစ်ပါတယ်။ သဘောကတော့ တိုင်းပြည်ကို အဆုံးထိ ဖျက်မသွားဘူး၊ ပြည်သူကို ဒုက္ခပင်လယ် မဝေစေခဲ့ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေကြောင့်ပဲစွန့်စွန့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
အခုလုပ်နေကြတဲ့ CRPH ၊ NUG နဲ့ NUCC တို့ရဲ့ လုပ်ရပ်တွေဟာ ပထမအမှားကို ပြန်မပြင်နိုင်ဘဲ ဒုတိယအမှားကို ဆက်လက်ကျူးလွန်နေကြတာပဲ ဖြစ်ပါတယ်။ ဒုတိယအမှားကတော့ တော်လှန်ရေးမှာ နောက်ဆုတ်ဖို့ အရမ်းခက်သွားပြီဖြစ်တဲ့ SCEF ကို ဖွဲ့စည်းခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ မဖွဲ့ခင်အချိန်က NUG နဲ့ CRPH တို့ကို တော်လှန်ရေးတပ်ပေါင်းစု မဖွဲ့စည်းနိုင်လို့ တော်လှန်ရေး မအောင်မြင်တာ၊ လက်နက်ကိုင် အဖွဲ့အားလုံး စုစည်းပြီးတိုက်ရင် မအောင်မြင်စရာမရှိဘူး ဆိုပြီး နိုင်ငံ ရေး ပရောဟိတ်တွေ၊ တော်လှန်ရေး ဂုရုကြီးတွေက ဝိုင်းမပေးလိုက်ကြတာ သတိထားမိကြမယ်ထင်တယ်။ အဲ့ဒီမှာ ကိုယ်ကိုယ်တိုင်ကလည်း တော်လှန်ရေး နားမလည်၊ နိုင်ငံရေးမှာကလည်း အူလည်လည်၊ နိုင်ငံ့အရေးဆို ဝေးမှဝေး ဆိုတဲ့အခါကြတော့ ဟုတ်နိုးနိုး၊ ကောင်းနိုး နိုးလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကြားထဲ အပေါ်ကလည်းနေချင်၊ လူအထင်ကြီးအောင်လည်း ဖြစ်ချင်တဲ့အခါကြတော့ ဖက်ဒရယ်ဦးဆောင်တွေ ဘာတွေဆိုပြီး ဖြစ်လာ တာဖြစ် ပါတယ်။
ဘာပဲလုပ်လုပ် အဖွဲ့အစည်းရည်ရွယ်ချက်နဲ့ မြေပြင်ဆောင်ရွက်မှုတွေ ထပ်တူမကျရင် အောင်မြင်စရာမရှိပါ။ ဖက်ဒရယ်ဦးဆောင်ကော်မတီသာ ပြောတာ၊ သူတို့ဦးဆောင်မှာကို လက်နက်ကိုင်ဘယ်နှဖွဲ့က ထောက်ခံပါသလဲ။ ပါဝင်ပါသလဲ။ အဓိကအားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘယ်လိုသဘောထားပြီး ဘယ်လိုမြင်နေကြပါသလဲ။ တော်လှန်ရေးတပ်ပေါင်းစုဆိုတဲ့ သဘောတရားဟာ မှန်ကောင်းမှန်နိုင်ပေမယ့် အမြဲတမ်းလိုလို တပ်ပေါင်းစုတွေ မအောင်မြင်ခဲ့ဘဲ ကြာကြာမခံ ပြိုကွဲသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အသက်တွေ၊ အကျိုး စီးပွားတွေနဲ့ ယှဉ်လာတဲ့အခါမှာ တပ်ပေါင်းစုအကျိုးထက် ကိုယ့်အဖွဲ့အစည်းအကျိုး၊ လူမျိုးရေးအမြင်၊ အာဏာခွဲဝေမှု ဒါတွေက ရှေ့တန်းရောက်သွားတဲ့အခါမှာ ပိုအားနည်းသွားတတ်လို့ပဲ ဖြစ်ပါတယ်။
အခုချိန်မှာ 'ဝ'၊ ကိုးကန့်နဲ့ ပလောင်အဖွဲ့တွေ သွားခေါ်ကြည့်။ လာဦးဆောင်ပေးပါ ဆိုရင်တောင် လှည့်ကြည့်ကြမှာမဟုတ်ဘူး။ သူတို့လိုချင်တဲ့ အခြေအနေကို တိုက်စရာမလိုဘဲ ငြိမ်းချမ်းရေးနည်းလမ်း ကသွားနိုင်တဲ့ အခြေအနေရှိနေလို့ဆိုတာ အဖြေပဲဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးလိုလိုရဲ့ သဘောထားတွေကို ပြန်ကြည့်။ ပြည်ထောင်စုထဲက ခွဲမထွက်ပါဘူး၊ ဘာညာပြောနေပေမယ့် ပြည် ထောင်စု စိတ်ဓာတ်တကယ်ရှိကြရဲ့လား။ ပြည်ထောင်စုအကျိုး တကယ်လိုလားကြရဲ့လား။ ပြည်ထောင်စုထဲမှာ ခိုပြီး ကိုယ်နေချင်သလို နေဖို့သာ အဓိကထားနေကြတာ အဖွဲ့အစည်းတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အခု SCEF မှာပါတဲ့ KIA ရဲ့ သဘာဝကို အရင်လေ့လာကြည့်။ ဂွမ်မော်ပြောတဲ့ ကချင်ပြည်လုံခြုံဖို့ ခြံစည်းရိုးအဖြစ် စစ်ကိုင်းတိုင်းမှာ ဆောင်ရွက်နေတာ ဆိုတဲ့စကား။ ပြည်ထောင်စုစိတ်ဓာတ်လား၊ ယုတ်မာတဲ့ အတွေးအခေါ်လားဆိုတာ မမြင်တတ်ရင် အတော်ညံ့ လို့ပဲဖြစ်မယ်။ ဒီကြားထဲမှာ ဂွမ်မော်ကို ဗိုလ်ချုပ်တို့က အနာဂတ်ခေါင်းဆောင်တွေ ဘာညာနဲ့ သွားဖားတဲ့သူက ရှိသေး။ အခုချိန်မှာ ဘာလို့ ပေါင်းနေတာလဲ။ အဖြေက ရှင်းရှင်းလေး။ သူတို့မနိုင်ခဲ့တဲ့ အင်အားကို ဝိုင်းတိုက်စေဖို့ အဓိက လုပ်နေတာပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေပြီး သွားကြည့်။ သူတို့ လိုချင်တာမရရင် NUG ၊ CRPH တို့ ကိုလှန်ပြမှာ သေချာ တယ်။ ဘာစစ်မှန်တဲ့ ဖက်ဒရယ်မှ မဖြစ်ဘူး။ နောက်တစ်ခါအငြင်းအခုံနဲ့ နောက်ပုံစံတစ်မျိုး ထပ်တိုက် နေရဦးမှာပဲ ဖြစ်ပါတယ်၊
အခုဆိုရင် SCEF ဖွဲ့စည်းခဲ့တာ ကိုးလထဲရောက်နေပြီ။ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ဘာတွေများ ထူးထူးခြားခြား လုပ်ပေးနိုင်ပါသလဲ။ လုပ်ပေးနိုင်တဲ့ အောင်မြင်မယ့် လမ်းစလေးများရော ရှိပါရဲ့ လား။ ဂျိုးပြော၊ မိုးပြော၊ တောပြော၊ တောင်ပြော လေကြီးမိုးကြီး တိုက်နေတာပဲ တွေ့ရတယ်။ ပြောစရာ အောင်မြင်မှုကလည်းမရှိ၊ ပြစရာကောင်းကျိုးကလည်း မပြနိုင်ဆိုတော့ သူတို့လုပ်နေတာကိုကြည့်ရင် ပြည်သူ့အထောက်အပံ့နဲ့ နိုင်ငံတကာပတ်ပြီး ကိုယ့်အထုပ် ကိုယ်ဖြေနေတာပဲတွေ့ရမှာဖြစ်ပါတယ်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေ ပတ်ပြောနေတာက သာမန်အား ဖြင့်ကြည့်ရင် ကိုယ်နိုင်နေသလိုလိုနဲ့ ကိုယ့်နိုင်ငံရော ကိုယ်ပါရှုံးနေတာ မြင်တတ်ဖို့ လိုပါတယ်။ အထူးသဖြင့်ကျော်မျိုးထွန်းရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်အတွက်အရမ်းရှက်စရာ ကောင်းတယ်။ နစ်နာတယ်၊ သူ့လည်းဘယ် နိုင်ငံကမှ အထင်ကြီးလေးစားကြတာ မတွေ့ရဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဇင်မာအောင်က ပြင်သစ် Liberation သတင်းစာနဲ့ သီးခြားအင်တာဗျူးလုပ်ခဲ့တာ တွေ့ရတယ်။ အဲဒီမှာ တပ်မတော်နဲ့ပတ်သက်ပြီး ပြောသွားတာ တွေ့ရတယ်။ SCEF နဲ့ ပတ် သက်ပြီးလည်း ပြောသွားတယ်၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပါပဲ။ ဒါက အဓိက မဟုတ်ဘူး။ အဓိကပြောချင်တာက တိုင်းပြည်အပေါ်ထားတဲ့စေတနာ။ အဲဒီအင်တာဗျူးမှာ ဂမ်ဘီယာက တရားစွဲထားတဲ့ အမှုကို ICJ က စီရင်ချက်ချတော့မယ့်အပေါ် သဘောထားမေးတာမှာ" ICJ က ချမှတ်မယ့် စီရင်ချက်ဟာ စစ်အာဏာ ရှင်တော်လှန်ရေး ရည်မှန်းချက်များနဲ့ မြန်မာနိုင်ငံလူ နည်းစုများအပေါ် ကာလ ရှည်ကြာဖြစ်ပွားခဲ့တဲ့ စနစ်တကျခွဲခြားဖိနှိပ်မှုများကို ဖြေရှင်းတိုက်ဖျက်နိုင်ရေးအတွက် အထောက်အကူ ဖြစ်လာမည့်လို့ မျှော်လင့်တယ်"လို့ဖြေခဲ့တာ တွေ့ရပါတယ်။
ICJ ကိစ္စဟာ တပ်မတော်ကိုစွဲထားတဲ့ကိစ္စ မဟုတ်ပါ။ မြန်မာနိုင်ငံကို စွဲထားတဲ့ကိစ္စဖြစ်တဲ့အတွက် မြန်မာတွေအားလုံးနဲ့ ဆိုင်ပါတယ်။ မြန်မာတွေအားလုံးက မူဝါဒအရကို ဘင်္ဂါလီတွေ (သူတို့အခေါ် ရိုဟင်ဂျာ)ကို နှိပ်ကွပ်တယ်ဆိုတဲ့သဘောနဲ့ စွဲထားတာ။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ဘင်္ဂါလီစစ်သွေးကြွတွေ ရဲစခန်းတွေကိုတိုက်လို့ တပ်ကိုသွားရောက် ကာကွယ်တိုက်ခိုက်ခိုင်းတာကို အခြေခံပြီး ဘင်္ဂါလီတွေက မူဆလင် အသိုင်းအဝိုင်းအားကိုးနဲ့ လုပ်ကြံစွပ်စွဲထားတဲ့ စွဲဆိုချက်သာ ဖြစ်ပါ တယ်။ မြန်မာတွေ မညီညွတ်တာကို အခွင့်ကောင်းယူပြီး မြန်မာအသိုင်းအဝိုင်းကို ကမ္ဘာ့အလယ်မှာ နာမည်ဆိုးဖြစ်အောင် လုပ်ကြံထားတာပဲ ဖြစ်ပါတယ်၊၊ ဒါကို အဲဒီအချိန်က NLD မှာလည်းရှိတယ်၊ အခု NUG မှာ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးကိုလည်း ယူထားသေးတယ်ဆိုတော့ ICJ အမှုကို ဇင်မာအောင် မသိစရာမရှိဘူး။ နားမလည် စရာလည်း မရှိဘူး။
ကြုံတုန်း စစ်အာဏာရှင်ဆိုပြီး တပ်မတော်ကို တွယ်တာထားပါဦး။ ဒုတိယပြောဆိုချက်ဖြစ်တဲ့ "မြန်မာနိုင်ငံ လူနည်းစုများအပေါ် ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ စနစ်တကျ ခွဲခြားဖိနှိပ်မှုများကို ဖြေရှင်း တိုက်ဖျက်နိုင်ရေး အထောက်အကူဖြစ်မယ်"ဆိုတဲ့ စကားကတော့ မြန်မာတစ်မျိုးသားလုံးကို စော်ကားတာပဲ ဖြစ်ပါတယ်။ မိမိနာမည်ရဖို့၊ မူဆလင်အသိုင်းအဝိုင်းက အထောက်အပံ့ရဖို့ ကိုယ့်တိုင်းပြည်ကို ချနင်းတဲ့ ပြောဆိုမှုပဲ ဖြစ်ပါတယ်။ မြန်မာတွေက ဘင်္ဂါလီတွေကို အသားလွတ်နှိပ် ကွပ်နေတာလား၊ ရခိုင်ပြည်မြောက်ပိုင်းကို လူမျိုးအမည်ခံပြီး ဝါးမျိုဖို့လုပ်နေတဲ့လုပ်ရပ်ကို တားဆီးကာကွယ်နေတာလားဆိုတာ ဇင်မာအောင် မသိတာတော့ မဖြစ်နိုင်ဘူး။ ဇင်မာအောင်က SCEF အဖွဲ့ဝင်ဆိုတော့ ဒီပြောဆိုမှုဟာ SCEF ရဲ့ မူဝါဒလားဆိုတာမေးရမှာ ဖြစ်ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့အတွက် NUG ရဲ့ မူဝါဒတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ ဇင်မာအောင် ဘာပြောပြော NUG က အမြဲထောက်ခံနေလို့ပဲ ဖြစ်ပါတယ်။
နောက်တစ်ယောက်ရှိသေးတယ်။ အမှန်က NUG ရော၊ CRPH မှာ ပါတဲ့သူတွေကို ကြည့်ရင် အကုန်လုံးနီးပါး သိပ်ကျပ်မပြည့်ကြဘူး။ အခုဟာက တောင်ကိုရီးယားမှာလုပ်တဲ့ SCEF နဲ့ လူထုတွေ့ဆုံပွဲမှာ NUG ဝန်ကြီးလည်းဖြစ်၊ SCEF အဖွဲ့ဝင်လည်းဖြစ်တဲ့ တင်ထွန်းနိုင် ပြောတဲ့စကား။ နှစ်နှစ်အတွင်း နိုင်မှာတွေ၊ ခေါင်းဆောင်မှုတွေ၊ ပြည်သူညီညွတ်မှုတွေထားပါ။ ပြည်တွင်းလုပ်ငန်းရှင်တွေကို ခရိုနီတွေ၊ ခရိုဝါတွေ၊ ခရိုနက်တွေဆိုပြီး ပြောတဲ့စကားနဲ့ သူထောက်ပံ့ကြေးလိုတာနဲ့ ပေးမလား၊ မပေးရင် သတ်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပြောတာကတော့ မိုက်ရိုင်းလွန်းပါတယ်။ သူ့တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ကပင် ခရိုနီလို့မသုံးဘဲ တိုင်ကွန်လို့ သုံးပါဆိုပြီး တန်ဖိုးထားသူတွေကို ခြိမ်းခြောက်မိုက်ကြေးခွဲတာ ကတော့ အောက်တန်းကျလွန်းပါတယ်။ ရဖို့လည်း ဝေးပါလိမ့်မယ်၊ ပေးရင်တောင် မသထာရေစာပဲ ဖြစ်ပါလိမ့်မယ်။
လေ့လာမိသလောက် ခြောက်နှစ်တာကာလ အတွင်းမှာ ထောက်ပံ့ကြေးတွေ၊ ရွှေမှော်တွေအပါအဝင် အကောက်ခွန်အမည်တပ်ပြီးရတာ ဒေါ်လာ သန်း ၈၀၀ လောက်ရှိတယ်လို့ သိရတယ်။ တော် လှန်ရေးမှာ သုံး၊ မသုံးတော့မသိဘူး။ အောက်ခြေမှာ မပြည့်မစုံနဲ့ အစားအသောက်တောင် နပ်မမှန်လို့ တောင်းစား၊ လုစားနေကြရတဲ့အချိန်မှာ NUG ခေါင်းဆောင်တွေ ဗုန်းထားကြလို့ဖြစ်တဲ့ ပြဿနာတွေ၊ ဇိမ်ခံနေကြတာတွေကိုသာ တွေ့နေရတော့ တော်လှန်ရေးရန်ပုံငွေဆိုတာ ဘာအတွက်လဲလို့မေးရမလို ဖြစ်နေပြီ မဟုတ်လား။ အခုဒေါ်လာသန်း သုံးရာရှာမယ်၊ ရရင်အောင်မြင်မယ်ဆိုတဲ့ သဘောပြောသွား တာ တွေ့ရတယ်။ ဘာစီမံချက်၊ ဘာလုပ်ဆောင်ချက်မှာမရှိဘဲ လေနဲ့ ဟောက်စား၊ ရိုက်စားလုပ်နေတာ က ရေကန်ထဲခဲပစ်တာကမှ ရေပွက်မြင်ရဦးမယ်။ ရေတံလျှောက်ထဲ ရေသွန်တာကမှ ရေစက်လေးကျန် ချင်ကျန်နေဦးမယ်။ ဒါကတော့ ဘာမှကို မြင်လိုက်ရမှာ မဟုတ်တာ သေချာတယ်။
ဒီလိုအဖြစ်အပျက်တွေ၊ ဒီလုပ်ရပ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို အခြေခံတဲ့ အလွန်အကျွံ တော်လှန်ရေး ဆောင်ရွက်ခြင်းရဲ့ ဆိုးကျိုးတွေသာ ဖြစ်ပါတယ်။ ဒီလိုလူတွေ၊ ဒီလုပ်ရပ်တွေဟာ တိုင်း ပြည်အတွက် အမှန်တကယ် အကျိုးရှိ မရှိ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ ချိန်ဆကြဖို့နဲ့ ဆိုးကျိုးတွေသာ ဖြစ်စေမယ့် လက်နက်ကိုင်လမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်ဆန်းစစ်ကြဖို့ လိုပါလိမ့်မယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )