
လက်နက်ကိုင် အကျိုးစီးပွား
'စစ်ကိုင်းတိုင်းထဲ မြို့နယ်အများစုက ချင်းတွင်းမြစ်ရိုးတစ်ကြောလုံးက ရွှေမျောတိုက်တဲ့ လုပ်ငန်းပဲ လုပ်နေကြတယ်။ လုပ်ကွက်တွေကို ဧရိယာအလိုက်ချတယ်၊ ဒါမှမဟုတ်ရင် မျောစင်အလိုက် အခွန် လိုက်ကောက်တယ်။ ဒီလိုနည်းအားဖြင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ဝင်ငွေရရှိနေတယ်'ဟူ၍ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။ သဘာ၀သယံဇာတများ ထွက်ရှိရာ ဒေသများတွင် ယင်းသယံဇာတများမှတစ်ဆင့် ရရှိလာသည့် စီးပွားရေးအကျိုးအမြတ်များနှင့် လက်နက်ကိုင်ပဋိပက္ခများ မည်သို့ဆက်နွှယ်နေသည်ကို ဥပမာပေး၍ ရှင်းပြခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်သည့်တိုင် အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။ ထို့အပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းအသစ်များ ထပ်မံပေါ်ပေါက်လာခဲ့သဖြင့် ပဋိပက္ခများသည် ယနေ့အချိန်အထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် ပဋိပက္ခများ၏ အကျိုးဆက်ကို အဓိက ခံစားကြရသူများမှာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေ၊ ပဋိပက္ခဒဏ်သင့်ဒေသ များရှိ အပြစ်မဲ့ဒေသခံ ပြည်သူများပင်ဖြစ်သည်။ ပဋိပက္ခများကြောင့် လူမျိုး၊ ဘာသာမရွေး တိုင်းရင်းသား ပြည်သူအားလုံး လူမှုစီးပွားဘ၀ ထိခိုက်နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် ပဋိပက္ခ ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် စီးပွားရေးစသည့် လုပ်ငန်းများ ထိခိုက်ပျက်စီးလာသည်။ ထို့အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများလည်း ဆုံးရှုံးလာကြရ၍ ပြည်သူလူထုက တိုက်ပွဲများနှင့် အကြမ်းဖက်မှုများ ကင်းဝေးသည့် တည်ငြိမ် အေးချမ်းသော ပတ်ဝန်းကျင်ကို လိုလားတောင့်တနေကြခြင်းဖြစ်သည်။
ထိုအခြေအနေတွင် လက်နက်ကိုင်ပဋိပက္ခများသည် အဘယ်ကြောင့် နှစ်ပေါင်းများစွာကြာသည်အထိ မချုပ်ငြိမ်းနိုင်သေးသနည်း။ ယင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေရခြင်းမှာ အာဏာရယူလိုမှု၊ လူမျိုးစု အချင်းချင်းကြား မတူညီမှုများနှင့် သဘောထားကွဲလွဲမှု၊ နိုင်ငံရေးလိုလားချက်များ၊ အမြင်မတူညီမှုများအပြင် သဘာဝသယံဇာတများကို မိမိတို့၏ လက်ဝယ်တွင် ထိန်းချုပ်ထားလိုမှု၊ စီးပွားရေးအကျိုးအ မြတ်များ ရရှိလိုမှုနှင့် အဖွဲ့အစည်းတစ်ခုချင်းစီက မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်လိုမှုများကြောင့်လည်း ပဋိပက္ခများသည် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်ဟူ၍လည်း ရှုမြင်ကြသည်။
သဘာ၀ သယံဇာတနှင့် လက်နက်ကိုင်တို့၏ ရပ်တည်ချက်
အချို့ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများသည် သယံဇာတအရင်းအမြစ်များအပေါ် ထိန်းချုပ်လိုမှုနှင့် ဆက်စပ်နေသည်။ သယံဇာတ ပေါကြွယ်၀သော ဒေသများတွင် သတ္တုတူးဖော်ခြင်း၊ သစ်တောထွက်ပစ္စည်းများ ထုတ်ယူရောင်းချခြင်း၊ ရေနံထုတ်လုပ်ခြင်းနှင့် အခြားစီးပွားရေးလုပ်ငန်းများမှ တရားမဝင်ဝင်ငွေများ ရရှိနိုင်သဖြင့် အဆိုပါဒေသနှင့် လုပ်ငန်းများကို ထိန်းချုပ်နိုင်ရေးသည် လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အကျိုးစီးပွားနှင့် ဆက်စပ်နေနိုင်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ထားသည်။ ထိုဝင်ငွေများသည် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရပ်တည်ရေးအတွက် အထောက်အပံ့ဖြစ်နေပါက ပဋိပက္ခများ ချုပ်ငြိမ်းရေးကို အဟန့်အတားဖြစ်စေနိုင်သည်ဟု သုံးသပ်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုသည် စတင်ပေါ်ပေါက်လာစဉ်က နိုင်ငံရေးလို လားချက်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အခြားနိုင်ငံရေးရည် မှန်းချက်များရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဖွဲ့အစည်းအကျိုးစီးပွားကို ဦးစားပေးလာသည့် အခြေအနေများ တွေ့လာရကြောင်း တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ပြောသည်။ 'တိုင်းရင်းသားလက်နက်ကိုင်အများစုက ပေါ်လာတုန်းကတော့ သူတို့မှာ နိုင်ငံရေးလိုလားချက်တွေ ရှိခဲ့ကြတာပေါ့။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ အကျိုးစီးပွားက အဓိက ဖြစ်လာတယ်လို့ မြင်တယ်။ အစုအဖွဲ့ရဲ့ အကျိုးစီးပွားအတွက်ပဲ အဓိကရပ်တည်နေကြတယ်လို့ သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်ဒေသမှာမှ ဒေသခံပြည်သူတွေ စိတ်ကျေနပ်လောက်တဲ့အထိ ဖွံ့ဖြိုးတိုး တက်အောင် စီမံခန့်ခွဲပေးနိုင်တာမျိုး မတွေ့ရဘူး။ ဒီအခြေအနေကိုကြည့်ရင် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နေတာထက် အစုအဖွဲ့ရဲ့ အကျိုးစီးပွားအတွက်ပဲ ဆောင်ရွက်နေကြတာ။ သူတို့အနေနဲ့ အကျိုးစီးပွားရှိနေတဲ့ သယံဇာတ အရင်းအမြစ်တွေအပေါ်မှာပဲ အဓိက မှီခိုရပ်တည်နေကြတယ်။ သယံဇာ တအရင်းအ မြစ်တွေရှိတဲ့ ဒေသတွေမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အင်အားတွေ ပေါ်ပေါက်လာတယ်။ သယံဇာတအရင်းအမြစ် ရှားပါးတဲ့ဒေသတွေမှာတော့ လက်နက်ကိုင်အင်အား သိပ်မရှိဘူး။ တချို့ဒေသ တွေမှာဆိုရင် လုံး၀မရှိတာမျိုးတောင် တွေ့ရတယ်"ဟု ၎င်းက ဆက်ပြောသည်။
အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်း၊ သဘာဝသယံဇာတများ တူးဖော်ထုတ်ယူခြင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်ခြင်းနှင့် အခြားတရားမဝင် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အဖွဲ့အစည်း၏ ရပ်တည်ရေးအတွက် ဝင်ငွေရှာဖွေလျက်ရှိ ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် နိုဝင်ဘာ ၉ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာ့အရေး လေ့လာသူများကလည်း တရား မဝင်စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များသည် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ရပ်တည်ရေးနှင့် ပဋိပက္ခဆက်လက်ဖြစ် ပွားနေမှုတို့အပေါ် သက်ရောက်မှုရှိမည်ဟု သုံးသပ်ထား သည်။
"သူတို့ရဲ့ အဓိက ဝင်ငွေရလမ်းတွေထဲမှာ သယံဇာတတွေကို ခိုးရောင်းတာရှိမယ်။ မူးယစ်ဆေးဝါး လုပ်ငန်းတွေရှိမယ်။ နောက်တစ်ခုက ကျားဖျန့်လိုမျိုး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို နေရာငှားပေးတာ၊ လုံခြုံရေးပေးတာတွေကနေ ဝင်ငွေရတာမျိုးရှိတယ်။ ဒီငွေတွေက သူတို့အဖွဲ့အစည်းတွေ ရပ် တည်နိုင်ဖို့အတွက် အဓိက အထောက်အပံ့ ဖြစ်နေတယ်။
သူတို့မှာ ကိုယ်ပိုင်ကုန်ထုတ်လုပ်ငန်းတွေ ရှိတာမျိုး မဟုတ်ဘူး။ ကုန်သွယ်ရေးလုပ်ငန်းဆိုတာ လည်း သယံဇာတတွေကို တရားမဝင်ထုတ်ယူပြီး ရောင်းချနေတဲ့ အဆင့်မျိုးပဲ တွေ့ရတယ်။ ဒါကြောင့် ဒီလိုဝင်ငွေရလမ်း ကြောင်းတွေကို တကယ်ထိရောက်စွာ ပိတ်ဆို့နိုင်မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချနိုင်ပြီး ငြိမ်းချမ်းရေးရရှိဖို့လည်း အများကြီး အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်။
သူခိုးဈေးဖြင့် ထုတ်ယူခံနေရသည့် သဘာ၀သယံဇာတများ
အဲဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံထဲက သယံဇာတတွေကို တရားမဝင်ဝယ်ယူနေတဲ့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်ဖို့လိုတယ်။ တရားမဝင် ငွေကြေးလမ်းကြောင်းတွေမှာ ပါဝင်ကူညီနေတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုလည်း ဖော်ထုတ်ရမယ်။ တစ်ဖက်နိုင်ငံက ဘဏ်လုပ်ငန်းတွေနဲ့ ငွေလွှဲဝန် ဆောင်မှုလုပ်ငန်းတွေကတစ်ဆင့် ငွေကြေးစီးဆင်းမှုတွေ ဖြစ်ပေါ်နေတယ် ဆိုရင်လည်း အဲဒီလမ်းကြောင်းတွေကို စိစစ်ထိန်းချုပ်ဖို့ လိုအပ်တယ်။ အစိုးရအနေနဲ့လည်း တစ်ဖက်နိုင်ငံအစိုးရတွေနဲ့ G to G အစိုးရအချင်းချင်း ဆက်သွယ်ညှိနှိုင်းပြီး တရားမဝင်သယံဇာတကုန်သွယ်မှုနဲ့ ငွေကြေးစီးဆင်းမှု တွေကို တားဆီးပိတ်ပင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အထောက်အပံ့ တစ်ခု ဖြစ်လာနိုင်ပါတယ်"ဟု ဒေါက်တာ ကျော်ဆွေက သုံးသပ်သည်။
တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အစည်းများက သယံဇာတခွဲဝေမှု မမျှတခြင်း၊ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ် မရရှိခြင်းနှင့် အခွန်ဘဏ္ဍာခွဲဝေမှုမရှိခြင်းတို့ကို ၎င်းတို့၏ နိုင်ငံရေးတောင်းဆိုချက်များအဖြစ် ပြောဆိုလေ့ရှိသော်လည်း လက်တွေ့တွင် အချို့အဖွဲ့အစည်းများကိုယ်တိုင် ထိန်းချုပ်ထားသည့် သယံဇာတအကျိုးစီးပွားများကို လက်မလွှတ်လိုခြင်းကလည်း ပဋိပက္ခရှည်ကြာစေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။
ကချင်ပြည်နယ်တွင် မြေရှားသတ္တုနှင့် ကျောက်စိမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ၊ မကွေးတိုင်းဒေသကြီးတွင် ရေနံနှင့် တွင်းတိမ်ရေနံလုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်းများ၊ ပဲခူးတိုင်းဒေသကြီးတွင် သစ်တောထွက်ပစ္စည်းများစသည့် သယံဇာတအရင်း အမြစ်များနှင့် စီးပွားရေးလုပ်ငန်းများရှိနေသည်။ ကရင်ပြည်နယ်တွင် သတ္တုတူး ဖော်ရေးလုပ်ငန်းများအပြင် ရွှေကုက္ကိုနှင့် KK Park ကဲ့သို့သော နေရာမျိုးတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများရှိနေသည်။ အဆိုပါ လုပ်ငန်းများမှ ငွေကြေးအကျိုးအမြတ် ရရှိနေသူများက ယင်းအခြေအနေကို ဆက်လက်ထိန်းသိမ်းလိုကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ် စိတ်ဝင်စားမှုနှင့် ပူးပေါင်းပါဝင်လိုမှုဘက်ကို အား လျော့စေနိုင်သည်ဟုလည်း ရှုမြင်သုံးသပ်ကြသည်။
သယံဇာတအရင်းအမြစ်များ ထွက်ရှိသည့် ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းသည် သယံဇာတထုတ်ယူမှု၊ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ် ကျော်စီးပွားရေးအကျိုးစီး ပွားများနှင့် ဆက်စပ်နေနိုင်သည့်အတွက် သယံဇာတ အရင်းအမြစ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် စီမံထိန်းချုပ်နိုင်ပါက လက်နက်ကိုင်အဖွဲ့အစည်းများ၏ တရားမဝင် ငွေကြေးအရင်း အမြစ်ကိုပါ ဖြတ်တောက်နိုင်မည် ဖြစ်သည်။ ထို့အတူ တရားမဝင် သတ္တုတူးဖော်ရေး၊ လောင်းကစား လုပ်ငန်းများ၊ မှောင်ခိုသယ်ယူပို့ဆောင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ထိရောက်စွာ တား ဆီးနိုင်ခြင်းသည်လည်း ပဋိပက္ခများကို ငွေကြေးထောက်ပံ့နေသည့် လမ်းကြောင်းများ လျော့နည်းလာ စေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ သယံဇာတများကို တန်ရာတန်ကြေးမရဘဲ ဈေးနှုန်းချိုသာစွာဖြင့် တင်ပို့ရောင်းချနေခြင်းနှင့် ယင်းသယံဇာတများကို ဝယ်ယူနေသည့် ပြည်ပနိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဒေါက်တာကျော်ဆွေက ထောက်ပြသည်။ "သူတို့ သယံဇာတထုတ်ယူပြီး ရောင်းချနေတယ်ဆိုတာ တကယ်တမ်းကျတော့ သူခိုးဈေးနဲ့ ရောင်းစားနေကြတာပဲ။ တန်ရာတန်ကြေးရတာ မဟုတ်ဘူး။ အဲဒီလို ဈေးနှုန်းချိုချိုနဲ့ ဝယ်ယူလက်ခံနေတဲ့ နိုင်ငံတွေရှိနေလို့လည်း သူတို့ ဆက်လက် ရပ်တည်နိုင်နေတာလို့ မြင်တယ်။ မြန်မာနိုင်ငံက ကုန်ကြမ်းတွေကို ဈေးချိုချိုနဲ့ရရှိပြီး အကျိုးအမြတ်ရနေတဲ့ နိုင်ငံတွေကလည်း တစ်ဖက်လှည့်နဲ့ သူတို့ကို ထောက်ပံ့နေသလို ဖြစ်နေတယ်။ မကွေးတိုင်းက ရေနံလိုမျိုး သယံဇာတကျတော့ ဒေသတွင်းမှာတောင် မလုံလောက်တဲ့ အခြေအနေရှိတယ်။ ဒေသတွင်း သုံးစွဲဖို့ မလုံလောက်တဲ့ ရေနံကို တခြားဒေသတွေကို ဖြန့်ဖြူး ဖို့ဆိုတာလည်း အခက်အခဲရှိတယ်။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ သံ၊ သတ္တုနဲ့ သစ်တောထွက်ပစ္စည်းတွေကို ပြည်ပ နိုင်ငံတွေဆီ တင်ပို့ရောင်းချပြီး ရပ်တည်နေကြတာကို တွေ့ရတယ်။ အဲဒီသယံဇာတတွေကို ဈေးချိုချိုနဲ့ ရရှိနေတဲ့ နိုင်ငံတွေကလည်း သူတို့ရဲ့ ရပ်တည်နိုင်စွမ်းကို တစ်နည်းတစ်ဖုံ အထောက်အပံ့ပေးနေတယ်လို့ မြင်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။ သဘာ၀ သယံဇာတနှင့် ဒေသဖွံ့ဖြိုးရေး
လက်နက်ကိုင်ပဋိပက္ခများကို ရေရှည်ချုပ်ငြိမ်း စေရန်အတွက် တရားမဝင် ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ထိန်းချုပ်ရုံသာမက သယံဇာတတူးဖော် ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် အခွန်ကောက်ခံမှုများကို တရားဝင်စနစ်အောက်သို့ ပြန်လည်ရောက်ရှိစေရန်လည်း လိုအပ်ကြောင်း မြန်မာ့အရေးလေ့လာသူများက အကြံပြုသည်။ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာမည်ဆိုပါက ဒေသတွင်း သယံဇာတများကို တရားဝင်ထုတ်ယူအသုံးချနိုင်ရေးအတွက် နိုင်ငံ တော်နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းနှင့် ရန်ပုံငွေရရှိနိုင်မည့် နည်းလမ်းများ ဖန်တီးပေးသင့်သည်ဟုဆိုသည်။
"လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တကယ်ပူးပေါင်းဆောင် ရွက်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ သယံဇာတအရင်းအမြစ်တွေကို တရားဝင် ထုတ်ယူလုပ်ကိုင်ခွင့်ရရှိရေး ဆိုတာလည်း ပါလာမှာပဲ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ရန်ပုံငွေလိုအပ်လာမှာ ဖြစ်တဲ့အတွက် သယံဇာတအရင်းအမြစ်တွေကို တရားဝင်တူး ဖော်ထုတ်လုပ်ခွင့်ပေးတာမျိုးကို နိုင်ငံတော်အစိုးရဘက်ကလည်း ခွင့်ပြုဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်။
တချို့အဖွဲ့အစည်းတွေက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ချင်တယ်ဆိုတာ သေချာဖို့လိုသလို သူတို့ တကယ်လုပ်နိုင်အောင်လည်း နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒီလို လုပ်ဆောင် နိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေလည်း အကျိုးခံစားခွင့်ရရှိမယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေအတွက် အသုံး ပြုနေရတဲ့ လူအင်အား၊ လက်နက်နဲ့ ငွေကြေးအရင်းအနှီးတွေကို လျှော့ချနိုင်မှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုး တက်မှုကို ပိုမိုမြင့်မားတဲ့ အတိုင်းအတာအထိ အကောင်အထည်ဖော် လာနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု နိုင်ငံ ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
ဖားကန့်ဒေသတွင် အကြီးစားနှင့် အလတ်စား ကျောက်စိမ်းတူးဖော်မှုများကို ခွင့်မပြုဘဲ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်မှုများကိုသာ စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက နယ်မြေလုံခြုံရေး မတည်ငြိမ်မှု၊ ကျောက်စိမ်းဖြစ်ပေါ်ရန် ကြာမြင့်သည့် ဘူမိဗေဒဖြစ်စဉ်နှင့် သယံ ဇာတများကို နောင်လာနောက် သားများအတွက် ထိန်းသိမ်းရန် လိုအပ်မှုတို့ကြောင့် အသေးစားနှင့် လက်လုပ်လက်စားတူးဖော်မှုများကို ခွင့်ပြုရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းအခြေ အနေနှင့်ပတ်သက်၍ လေ့လာသူက ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း နှင့် နိုင်ငံတော်၏ တရားဝင်အခွန်ဘဏ္ဍာ ရရှိရေးတို့ကို ချိန်ညှိ စဉ်းစားရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။ "ဖားကန့်လို ဒေသမျိုးမှာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် ရွေးချယ်စရာက အများကြီးမရှိဘူး။ အဲဒီလိုဒေသမှာ ရှိပြီးသားလုပ်ငန်းတွေကို စည်းကမ်းနဲ့အညီ လုပ်ကိုင်ခွင့်ပေးနိုင်မယ်ဆိုရင် ဒေသခံတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းရမယ်။ နိုင်ငံတော်အတွက်လည်း အခွန်အခရရှိမယ့် ဝင်ငွေလမ်း ကြောင်းတစ်ခု ဖြစ်လာမယ်။ အသေးစား၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို ခွင့်ပြုပေးခြင်းအားဖြင့် ဒေသရဲ့တည်ငြိမ်အေးချမ်းမှုကိုလည်း အထောက်အကူပြုနိုင်တယ်။ ဒေသခံပြည်သူတွေရဲ့ အသက်မွေး ဝမ်းကျောင်းကိုလည်း အထောက်အပံ့ဖြစ် စေတယ်။ နောက်ပြီး အဲဒီကနေ ထွက်ရှိလာတဲ့ သယံဇာတ တွေကို နိုင်ငံတော်ရဲ့ GDP နဲ့ တရားဝင်စာရင်း ဇယားတွေထဲမှာ ထည့်သွင်းနိုင်မယ်ဆိုရင် ဒေသခံပြည် သူ၊ နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ အကျိုးရှိတဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်။ ဒါ ကြောင့် အဲဒီလို တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေကိုတော့ စည်းကမ်းနဲ့အညီ လုပ်ကိုင်ခွင့်ပေးသင့်ပါတယ်"ဟု ဒေါက်တာကျော်ဆွေက ၎င်းင်း၏ အမြင်ကို ပြောပြသည်။ သယံဇာတအရင်း အမြစ်များမှရရှိသည့် အကျိုး အမြတ်များကို ဒေသခံပြည်သူများ တိုက်ရိုက်ခံစားခွင့်ရရှိစေရန်နှင့် ဒေသတွင်း အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် စီမံဆောင်ရွက်ပေးခြင်းသည် ဒေသတည်ငြိမ်ရေးအတွက် လည်း အရေးပါကြောင်း ၎င်းက သုံးသပ်ထားသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာ၀ သယံဇာတ စီမံခန့်ခွဲမှု
သယံဇာတ အရင်းအမြစ်များကို ကိုယ်ကျိုး စီးပွားအတွက် အသုံးချနေသည့် တရားမဝင်စီးပွားရေး လုပ်ငန်းများကို ထိန်းချုပ်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ၏ ဘဏ္ဍာရေးအရင်းအမြစ်များကို လျှော့ချခြင်း နှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများကို တစ်ပြိုင်နက်တည်း ဖော်ဆောင်ခြင်းတို့သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးသည့်အချက်များအဖြစ် မြန်မာ့အရေးလေ့လာသူများက ယုံကြည်ထား သည်။
"အဲဒီအချက်တွေ အားလုံးက ငြိမ်းချမ်းရေးရရှိဖို့အတွက် အရေးအကြီးဆုံး အချက်တွေပါပဲ။ သယံဇာတအရင်းအမြစ်တွေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတဲ့ တရားမဝင်လုပ်ငန်းတွေကို ထိန်းချုပ်နိုင်မယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငွေကြေးအရင်းအမြစ်တွေကို လျှော့ချနိုင်မယ်၊ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး ရရှိနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီလုပ်ငန်းစဉ်တွေကို အစိုးရအနေနဲ့ တကယ်အကောင် အထည်ဖော်ပေးစေချင် ပါတယ်"ဟု နိုင်ငံရေးလေ့လာသုံး သပ်သူက မှတ်ချက်ပြုသည်။
အကျိုးတရားတိုင်းတွင် အကြောင်းတရားရှိသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်အတွက်လည်း တိုက်ပွဲများရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးတို့ကိုသာ ဆောင်ရွက်နေရုံဖြင့် မလုံလောက်သေးပေ။ ပဋိပက္ခများကို ဆက်လက်ဖြစ်ပွားစေသည့် စီးပွားရေးအကျိုး စီးပွားများ၊ သယံဇာတ အရင်းအမြစ်များမှ တရားမဝင် ဝင်ငွေရလမ်းများစသည့် အရင်းခံအကြောင်း ရင်းမှစ၍ ဖော်ထုတ်ဖြေရှင်းရန် လိုအပ်ပါသည်။ ထို့ပြင် သယံဇာတအရင်းအမြစ်များကို တရားဥပဒေနှင့်အညီ စီမံခန့်ခွဲပြီး ဒေသခံပြည် သူများ မျှတစွာအကျိုးခံစားခွင့် ရရှိစေရေးနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရေးတို့ကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်ရမည်ဖြစ်သည်။ အချုပ်အားဖြင့် အကျိုးတရားကို ပယ်ဖျောက်လိုလျှင် အကြောင်းတရားကို အရင်ဆုံး ဖယ်ရှားရမည်ဖြစ်သည်။
ပဋိပက္ခဖြစ်ပေါ်စေသည့် အရင်းခံဇာစ်မြစ်များကို ရှာဖွေဖော်ထုတ်၍ ထိထိရောက်ရောက် တားဆီးဖြေရှင်းနိုင်မှသာ ပဋိပက္ခသံသရာမှ လွတ်မြောက်ပြီး ရေရှည်တည် တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
လင်းလင်းအောင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )