MyTech Myanmar

ဓာတ်ဆီနဲ့ ဒီဇယ်အင်ဂျင်သုံး ကားတွေ ခေတ်ကုန်ဆုံးတော့မယ်လို့ Audi CEO ပြောကြား

မော်တော်ကားလုပ်ငန်းဟာ ဓာတ်ဆီနဲ့ ဒီဇယ်အင်ဂျင်တွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ နှစ် ၁၀၀ ကာလရဲ့ အဆုံးသတ်ကို ရောက်ရှိနေပြီဖြစ်ပြီး လျှပ်စစ်ကားနည်းပညာကတော့ အခုမှ စတင်နေတုန်းပဲ ရှိသေးတယ်လို့ Audi ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Gernot Döllner က ပြောကြားလိုက်ပါတယ်။

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က ဖော်ပြခဲ့တဲ့ Autocar India နဲ့ အင်တာဗျူးမှာ Döllner က လောင်စာဆီအင်ဂျင်တွေဟာ လက်ရှိမှာ အမြင့်ဆုံးအဆင့်အထိ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပေမယ့် လျှပ်စစ်ကားတွေမှာတော့ တိုးတက်ဖို့ အလားအလာတွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

 

Audi အနေနဲ့ လာမယ့်နှစ်တွေမှာ လျှပ်စစ်ကားတွေကို ပိုမိုအာရုံစိုက်သွားဖို့ စီစဉ်ထားပေမယ့် ကမ္ဘာတစ်ဝန်းက ဝယ်ယူသူအများစုဟာ လျှပ်စစ်ကားသီးသန့် ပြောင်းလဲအသုံးပြုဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဟိုက်ဘရစ်ကားတွေကို ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးရဲ့ လျှပ်စစ်ကားကူးပြောင်းမှု အရှိန်အဟုန် မတူညီကြတဲ့အတွက် Audi ဟာ တဖြည်းဖြည်းချင်း ကူးပြောင်းတဲ့ နည်းလမ်းကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar