
မြန်မာက လူနည်းစု ဘင်္ဂါလီများ(မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြထား) ကိုလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိထား တုံ့ပြန်ခဲ့ပြီး၊ တရားရုံးကို “နိုင်ငံရေးအရ အသုံးချခြင်း” မပြုရန်အလေးပေးပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ဝါရှင်တန်ကလေ့လာသုံးသပ်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ဘင်္ဂါလီများကိုလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိ ကန်က ၂၀၂၂ ခုနှစ်တွင် တရားဝင် သတ်မှတ်ခဲ့သော်လည်း၊ ယခု ICJ ၏ ဆုံးဖြတ် ချက်နှင့်ပတ်သက်၍ အထက်ပါအတိုင်းသတိထား တုံ့ပြန်လာခြင်း ဖြစ်သည်။
အမေရိကန်သည် ၎င်း၏ မဟာမိတ်အစ္စရေးက ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်နေသည်ဟု တောင်အာဖရိကနိုင်ငံက ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး (ICJ) သို့ တင်သွင်းထားသည့် အခြားအမှုတစ်ခုကို မကြာသေးမီက ကန့်ကွက်ထားသည်။
“လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ အလွန်အရေးကြီးသလို၊ ICJ ကို နိုင်ငံရေးပုံစံအသုံးချတာမျိုး မဖြစ်အောင် တားဆီး ဖို့လည်း အရေးကြီးပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
“ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို အပြည့်အဝ သုံးသပ်နိုင်ဖို့ ကျွန်တော်တို့ လေ့လာနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ စီရင်ချက်ကို ရည်ညွှန်း၍ အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒုက္ခသည်များကို နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ခွင့်ပြုရန်နှင့် လျော်ကြေးငွေများ ပေးအပ်ရန် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးက အမိန့်ချမှတ်လိုက်ချိန်တွင် အမေရိ ကန်၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် ICJ တရားသူကြီးများ၏ နှစ်ပေါင်း ၈၀ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်ခြင်းလည်း ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ ပြင်းထန်သော နယ်မြေရှင်းလင်းမှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မွတ်ဆလင်အများစု ပါဝင်သော လူနည်းစု ဘင်္ဂါလီများအတွက် တရားမျှတမှု ရရှိခြင်းအဖြစ် ရှုမြင်ကြဖွယ် ရှိသည်။
“မြန်မာပြည်သူတွေအပေါ် ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို ထုတ်ဖော်ပြသလို၊ ဘင်္ဂါလီ တွေနဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေအပေါ်မှာလည်း အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်” ဟု အမေ ရိကန်တာဝန်ရှိသူက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂါလီ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုများတွင် နိုင်ငံတကာက ဝန်ထုပ်ဝန်ပိုးများကို ပိုမိုမျှဝေထမ်း ဆောင်ကြရန် လည်း အဆိုပါ တာဝန်ရှိသူက တိုက်တွန်းခဲ့သည်။
Ref:AFP