Eleven Media Group

■ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) အရေးတွင် နစ်နာသူများကို ပြန်လည် ကုစားပေးရန် မြန်မာနိုင်ငံတွင် တာဝန်ရှိပြီး အစီရင်ခံစာကို ၂ နှစ်အတွင်း တင်သွင်း ရမည်ဟု ICJ အမိန့်ချမှတ်

■ICJ ၏ အပြီးသတ်စီရင်ချက်အမိန့်ကို လိုက်နာခြင်းမရှိသည့် နိုင်ငံများလည်း ရှိခဲ့ကြောင်း သိရ

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) အရေးတွင် နစ်နာသူများကို ပြန်လည် ကုစားပေးရန် မြန်မာနိုင်ငံတွင် တာဝန်ရှိပြီး အစီရင်ခံစာကို ၂ နှစ်အတွင်း တင်သွင်း ရမည်ဟု ICJ က နိုဝင်ဘာ ၁၉ ရက်တွင် အမိန့်ချမှတ်ခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂထိပ်တန်းတရားရုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြထား) များကို မြန်မာ၏ ဖြိုခွင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှု‌မြောက်သည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မဲအသာစီးနဲ့ ဆုံးဖြတ်ခဲ့ပြီး ကျူးလွန်သူများကို အရေးယူအပြစ်ပေးရန်လည်း ပျက်ကွက်ခဲ့ကြောင်း ICJ က ပြောကြားခဲ့သည်။

ထို့ကြောင့် နစ်နာသူများကို ပြန်လည်ကုစားပေးရန် မြန်မာနိုင်ငံတွင်တာဝန်ရှိပြီး နစ်နာ သူများကို ပြန်လည်ကုစားပေးရန်နှင့် နစ်နာကြေးပေးဆောင်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာကို ၂ နှစ်အတွင်း တင်သွင်းရမည်ဟု ICJ က အမိန့်ချမှတ်ခဲ့သည်။

ICJ ၏ စီရင်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာစစ်သံမှူးကို ထွက်ခွာခိုင်းမည်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံက နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။

မြန်မာအစိုးရအပေါ် ဗြိတိန်က လက်ရှိချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများအပေါ် အခြေခံပြီး ICJ ၏ စီရင်ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအစီအမံများကို ချက်ချင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အက်ဒ်မီလီဘန်းက ပြောကြားခဲ့သည်။

"ဒီစီရင်ချက်အပေါ် အခြေခံပြီး ကျွန်တော်တို့ ဒီနေ့ပဲ ချက်ချင်း အရေးယူဆောင်ရွက်မှု တွေ ပြုလုပ်နေပါပြီ။ မြန်မာအစိုးရအပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ အပြင် ဗြိတိန်နိုင်ငံကနေ မြန်မာစစ်သံမှူးကိုနှင်ထုတ်ဖို့ အမိန့်ပေးလိုက်ပြီး ဒီစီရင်ချက်ကို ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို အရေးပေါ်ခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်" ဟု မီလီဘန်းက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့ သည်။

၎င်းအနေဖြင့် မြန်မာသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်သွားမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ဆက်လက်ဆောင်ရွက်ရန် လာမည့်ရက်ပိုင်းအတွင်း နောက်ထပ် အရေးယူဆောင်ရွက်မှုများကို ထုတ်ပြန်ကြေညာသွားရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

ယင်းသို့ ဗြိတိန်နိုင်ငံက လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး မြန်မာအစိုးရဘက်မှ သံတမန်ရေးနှင့် ပတ်သက်ပြီး မည်သို့တုံ့ပြန်ဆောင်ရွက်မလဲဆိုသည့် မေးခွန်း ထုတ်မှုများလည်း ရှိလာခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်ခဲ့သည့် ဖြစ်စဉ် ၂၀၀ ကျော်ရှိခဲ့ပြီး အချို့အမှုများမှာ ဆုံးဖြတ်ခဲ့ပြီးဖြစ်သော်လည်း မလိုက်နာခဲ့သည့် နိုင်ငံအများအပြား ရှိခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ မလိုက်နာသည့် ဖြစ်စဉ်များအနက် သမိုင်းတစ်လျှောက် ထင်ရှားခဲ့သည့် ဖြစ်စဉ်အချို့မှာ အမေရိကန်က နီကာရာဂွာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သဖြင့် အမေရိကန်က လျော်ကြေးပေးရန် ICJ က ဆုံးဖြတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံက လိုက်နာခြင်းမရှိခဲ့ပေ။

၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် (Corfu Channel အမှု)တွင် ဗြိတိန်စစ်သင်္ဘောများ မိုင်းထိပျက်စီးမှုအတွက် လျော်ကြေးပေးရန် ICJ ၏ ပထမဆုံး စီရင်ချက်ကို အယ်လ်ဘေးနီးယားက ဆယ်စုနှစ်များစွာကြာအောင် လျော်ကြေးမပေးဘဲ ငြင်းဆန်ခဲ့ကြောင်း သိရသည်။

၁၉၇၉ ခုနှစ် တီဟီရန်မြို့ရှိ အမေရိကန်သံရုံးဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှုအား ချက်ချင်းပြန်လွှတ်ပေးရန် ICJ က အမိန့်ချမှတ်ခဲ့သော်လည်း အီရန်အစိုးရက မလိုက်နာခဲ့ကြောင်း သိရသည်။

၁၉၈၆ ခုနှစ်တွင် နီကာရာဂွါနိုင်ငံ (Nicaragua) ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုနှင့် ပတ်သက်၍ အမေရိကန်က လျော်ကြေးပေးရန် ICJ က အမိန့်ချမှတ် ခဲ့သော်လည်း အမေရိကန်က လက်မခံဘဲ ICJ ၏ တရားစီရင်ပိုင်ခွင့်မှ နုတ်ထွက် ခဲ့သည်။

ထို့ပြင် ၂၀၀၄ ခုနှစ် (Avena အမှု) တွင် မက္ကဆီကိုနိုင်ငံသားများအား သေဒဏ်စီရင် မှုကို ပြန်လည်သုံးသပ်ရန် ICJ က အမိန့်ပေးခဲ့သော်လည်း အမေရိကန်ပြည်နယ် အချို့က လိုက်နာခြင်း မရှိခဲ့ပေ။

၂၀၂၂ ခုနှစ် မတ်လတွင် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲနေမှုကို ချက်ချင်း ရပ်တန့်ရန် ICJ က ကြားဖြတ်အမိန့် ချမှတ်ခဲ့သော်လည်း ရုရှားဘက်က လုံးဝလိုက်နာ ခြင်း မရှိခဲ့ပေ။

၂၀၂၃ ခုနှစ်တွင် ပြည်တွင်းစစ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်ရန် ICJ က အမိန့်ပေးခဲ့သော်လည်း ဆီးရီးယားအစိုးရဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံက စွဲဆိုထားသည့် ဂါဇာစစ်ပွဲအတွင်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရေး ICJ ၏ ကြားဖြတ်အမိန့်များကို အစ္စရေးက အပြည့်အဝ လိုက်နာခြင်းမရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်ထောက်ပြခဲ့သည်။

ICJ တွင် ၁၉၉၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လျှောက်ထားခဲ့တဲ့ အဓိက လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အမှုကြီး ခုနစ်မှုရှိခဲ့ပြီး ယင်းတို့အနက် သုံးမှုမှာ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ကြောင်း၊ တစ်မှုမှာ ပယ်ဖျက်ခဲ့ကြောင်း၊ ကျန် သုံးမှုမှာ စစ်ဆေးနေဆဲအဆင့်တွင် ရှိကြောင်း သိရသည်။

အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် အမှုသုံးခုအနက် ပထမဆုံးအမှုမှာ ၁၉၉၃ ခုနှစ်က စွဲဆိုခဲ့သည့် ဘော့စနီးယားနှင့် ဆားဘီးယား အမှုကို ၂၀၀၇ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို မတားဆီးနိုင်သဖြင့် ဆားဘီးယားတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အပြန်အလှန် တရားစွဲဆိုခဲ့ကြသည့် ခရိုအေးရှားနှင့် ဆားဘီးယား အမှုမှာမူ လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ခိုင်လုံမှုမရှိသဖြင့် ၂၀၁၅ ခုနှစ်တွင် နှစ်ဖက်စလုံး၏ စွပ်စွဲချက်များကို ပယ်ချပြီး အမှုပိတ်သိမ်းခဲ့သည်။

၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို ဘင်္ဂလီ (ရိုဟင်ဂျာ) လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့သည့် အမှုမှာ ၂၀၂၆ ခုနှစ်တွင် ပြီးပြတ်သွားခဲ့ပြီး မြန်မာနိုင်ငံအပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ပယ်ဖျက်ခံခဲ့ရသည့် တစ်ခုတည်းသော အမှုမှာ ၂၀၂၅ ခုနှစ်က ဆူဒန်နိုင်ငံက ယူအေ အီးနိုင်ငံကို အနောက်ဒါဖာဒေသ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် စွဲဆိုခဲ့သည့် အမှုဖြစ်ပြီး ယူအေအီး၏ စာချုပ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် ယင်းနှစ်ထဲမှာပင် တရားရုံးက ပယ်ဖျက်ခဲ့သည်။

လက်ရှိမှာ ဆက်လက်ကြားနာ စစ်ဆေးနေဆဲ အမှု ၃ ခုမှာ ၂၀၂၂ ခုနှစ်က စွဲဆိုခဲ့တဲ့ ယူကရိန်းနှင့် ရုရှားအမှုတွင် ၂၀၂၈ ခုနှစ်အထိ နှစ်ဖက်ထုချေလွှာများ တင်သွင်းရန် အချိန်ဇယား သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ်က စွဲဆိုခဲ့သည့် တောင်အာဖရိကနှင့် အစ္စရေး အမှုတွင် ယာယီတားမြစ်မိန့်များမှာ အသက်ဝင်နေဆဲဖြစ်ကာ နောက်ဆုံး အဆင့် ကြားနာမှုများကို ၂၀၂၉ နှင့် ၂၀၃၀ ဝန်းကျင်မှာ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ်က အစ္စရေးကို လက်နက်ရောင်းချမှုဖြင့် တရားစွဲဆိုခံထားရ သည့် နီကာရာဂွါနှင့် ဂျာမနီအမှုတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ကြားနာခဲ့ပြီး တရားရုံး၏ စီရင်ပိုင်ခွင့် ရှိ၊ မရှိ အပေါ် တရားသူကြီးများက ဆက်လက်သုံးသပ် နေဆဲဖြစ်သည်။

မူရင်းသတင်း — Eleven Media Group